မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ကြားဖြတ်တိုက်ခိုက်

မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ကြားဖြတ်တိုက်ခိုက်

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲ၍ ကြားဖြတ်တိုက်ခိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅)ထံမှ သိရသည်။

မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်သို့ တက်လာသည့် အင်အား (၈၀)ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် (၆)နာရီခွဲခန့်တွင် ဥတစ်လုံးတောင်အနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅)ဗျူဟာစစ်ကြောင်းမှ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲပြီးနောက် နှစ်ဖက် အပြန်အလှန် နာရီဝက်ခန့်  ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကာ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍လည်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီး စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅)မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅)