ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်ရာ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် မထောအခြေစိုက် စကခ(၈) လက်အောက်ခံ ခမရ(၄၀၄၊ ၄၀၇၊ ၄၀၈)တို့ကို KNLA ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက် ရှင်းလင်းပြီးနောက် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်ဟု KNU က နိုဝင်ဘာလ(၂၅)ရက်နေ့က ထုတ်ပြန်ထားသည်။
“တပ်ဆုတ်ထွက်ပြေးလာတဲ့အချိန် လမ်းခုလတ်မှာ ကျွန်တော်တို့ပူးပေါင်းတပ်တွေက ဖြတ်တိုက်တာ စစ်ကောင်စီတပ်သား(၁၀)ဦးသေတယ်။ လက်နက်တွေရတယ်။”ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
စကခ(၈)လက်အောက်ခံစခန်းများကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တောင်ဖက်ရှိ ၎င်းတို့တပ်စခန်းများရှိရာ ကစယ်သဲဖလယ်(တောင်းသုံးလုံး)နှင့် ထွီသီးအူ(ခွေးသေ)ကို တပ်ဆုတ်ထွက်ပြေးလာရာ လမ်းခုလတ်တွင် ပူးပေါင်းတပ်များက တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
မြေပြင်မျက်မြင်သတင်းများအရ စစ်ကောင်စီတပ်သား (၂၀)ဦးကို ကစဉ့်ကလျားထမ်း၍ ခေါ်ဆောင်သွားကြသည်ဟု KNU ဘက်က ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ မဟာဗျူဟာကျသည့် မထောအခြေစိုက်တပ်စခန်းကို KNLA တပ်မဟာ(၅)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်(၇)နာရီ (၄၈)မိနစ်တွင် အလုံးစုံသိမ်းပိုက်ရရှိကာ လက်နက်အမြောက်အများလည်း သိမ်းဆည်းရရှိသည်။
မထောအခြေစိုက်တပ်စခန်းသည် ဖာပွန်-ကမမောင်းလမ်းကြောင်းတွင်ရှိသည့် တပ်စခန်းကြီးဖြစ်ပြီး အင်အား(၁၀၀)ဖြင့် တပ်စွဲနေခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်၏ RPG-7 တစ်လက်နှင့် ၎င်းကျည်ဖူး (၃၈)လုံး၊ (၈၁)မမ တစ်လက်နှင့် ၎င်းကျည်သီး(၆)လုံး၊ MA-1 (၉)လက်၊ MA-2 (၄)လက်၊ MA-3 (၄)လက်၊ MA-4 (၂)လက်၊ ငါးမြီးစက်လတ် (၁)လက်၊ (၆၀)မမ ပြောင်းရှည် (၂)လက်၊ (၆၀)မမ ပြောင်းတို (၂)လက်၊ ရှေ့ထွက်မြေမြှုပ်ဗုံး (၃)လုံး၊ (၆၀)မမကျည် (၁၂၃)လုံး၊ G-3 ကျည် (၆၀၀၀)တောင့်၊ ဟွန်ဒါမီးစက်တစ်လုံး၊ ခွင်းဗုံး(၅၃)လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီး တစ်လုံးနှင့် စားသုံးဆီ (၂)ပုလင်းတို့ကို သိမ်းဆည်းရရှိလိုက်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၉)ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်းရှိ အင်အား (၁၀၀)ကျော်ရှိသော ခေါပုတ်တပ်စခန်းကိုလည်း ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိသည်။
KNU တပ်မဟာ(၅) ထိန်းချုပ်ဒေသအတွင်း ဖာပွန်ခရိုင်၌ စစ်ကောင်စီ၏ အရေးပါသည့် ဖာပွန်ဗျူဟာစခန်းသာ နောက်ဆုံးလက်ကျန်စခန်းကြီးအဖြစ် ကျန်ရှိပြီး ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေသည်။
#TachileikNewsAgency
Photo: KNU-Mutraw News