ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ တမာခေါနှင့် တောင်စုကျေးရွာကို အာဏာသိမ်း စစ်ကောင်စီ တပ်က မီးရှို့မည်ဟု ဒေသခံများအား ခေါ်ယူပြီး ခြိမ်းခြောက်ခဲ့သဖြင့် အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
အဆိုပါ ကျေးရွာများရှိ ဒေသခံများကို စက်တင်ဘာလ(၁၁)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းက ခေါ်တွေ့ကာ ဒေသခံများ ကျေးရွာမှ ထွက်ခွာရန်နှင့် မထွက်ခွာလျှင် ကျေးရွာနှင့် နေအိမ်များကို မီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ ကြောင်း သိရသည်။
ထိုကြောင့် စက်တင်ဘာလ (၁၂)ရက်နေ့တွင် တမာခေါကျေးရွာမှ ဒေသခံများသည် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကြောင့် ရွာလုံးကျွတ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာနှင့် အနီးအနားရှိကျေးရွာများသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။
တမာခေါကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၆၁)လုံးနှင့် လူဦးရေ (၃၃၄) ဦး နေထိုင်ကြောင်း သိရသည်။
အာဏာသိမ်းမှုဖြစ်ပွားပြီးသည့် နောက်ပိုင်းမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ မုန်းမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့် ကျေးရွာအုပ်စု (၁၇)အုပ်စုမှ ကျေးရွာပေါင်း (၄၆)ရွာ၊ အိမ်ခြေပေါင်း (၂,၁၁၆) လုံးနှင့် လူဦးရေ စုစုပေါင်း (၁၂,၄၅၃) ဦး အထိ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ (၁၃) ရက်အတွင်းမှာပင် စစ်ဘေးရှောင်ရသည့် ကျေးရွာပေါင်း (၁၅)ရွာ၊ အိမ်ခြေစုစုပေါင်း (၁၁၂၀) လုံးနှင့် လူဦးရေစုစုပေါင်း (၆၂၁၆) ဦး အထိရှိလာကြောင်း သိရသည်။
#TachileikNewsAgency
Photo: KNU