ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်စခန်းငယ်နှစ်ခု နှင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ၏ နေအိမ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တပ်ဖွဲ့က အင်အား(၁၀၀)ကျော်ဖြင့် ဝင်ရောက်ဖျက်ဆီးသွားကြောင်း SSPP က သတင်းထုတ်ပြန်သည်။
ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် RCSS ဘက်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒေသခံပြည်သူတစ်ဦးအပါအဝင် SSPP တပ်ဖွဲ့ဝင်(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာကော်မတီဝင်တစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွားသည်ဟု ဆိုသည်။
RCSS စစ်ကြောင်းနှစ်ကြောင်းသည် မိုင်းကိုင်မြို့ နယ် ပန်ပွဲကျေးရွာအနီးရှိ SSPP တပ်စခန်းငယ်နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် SSPP တပ်သား(၄)ဦးအား ဖမ်းဆီးသွားကာ စခန်းသုံး ဆိုင်ကယ်(၄)စီး၊ ကားတစ်စီးအပါအဝင် စခန်းများကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဖော်ပြသည်။
ကျန်ရှိသည့် RCSS စစ်ကြောင်းတစ်ကြောင်းသည် ပန်ပွဲကျေးရွာရှိ ရွာကော်မတီဝင်တစ်ဦး၏နေအိမ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိ အဖိုးတန် ရွှေငွေ၊ ပစ္စည်းများယူဆောင်ကာ အိမ်ရှင်ဖြစ်သူ ဦးကန်ခမ်းအား သတ်ဖြတ်၍ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု RCSSက ထုတ်ပြန်သည်။
ထို့နောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP တပ်ဖွဲ့ဝင် (၄)ဦးနှင့် ဒေသခံပြည်သူ (၁)ဦးတို့အား ထပ်မံဖမ်းဆီး သွားသည်ဟုလည်း ဆိုသည်။
ထို့အပြင် ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံပြည်သူ ဒေါ်ရွှေယိင်း၏ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်များက ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာများ၊ ကုန်ပစ္စည်းများနှင့် ရွှေငွေများကိုလည်း ယူဆောင်သွားသည်ဟု ထုတ်ပြန်သည်။
ရှမ်းတပ်နှစ်ဖွဲ့ အပစ်ရပ်ပြီး ပေါင်းစည်းနိုင်ရန် နှစ်ဖက်တပ်နှင့် တွေ့ဆုံညှိနှိုင်းရေးလုပ်ဆောင်နေသည့် ကာလဖြစ်သည့်အတွက် ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးအတွက် ရှေးရှုပြီး SSPP တပ်ဖွဲ့မှ နှစ်ဖက်တိုက်ပွဲများမဖြစ်ပွားစေရန် ထိန်းသိမ်းခဲ့ခြင်းကို RCSS တပ်ဖွဲ့မှ အခွင့်ကောင်းယူကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ RCSS ဘက်ကို Tachileik News Agency အနေဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရပါ။
#TachileikNewsAgency
Photo: SSPP Info