မန္တလေး PDF သိမ်းထားသည့် နယ်မြေအတွင်းရှိ လမ်းပိုင်းကို ယာယီသွားလာခွင့် ကန့်သတ်

 မန္တလေး PDF သိမ်းထားသည့် နယ်မြေအတွင်းရှိ လမ်းပိုင်းကို ယာယီသွားလာခွင့် ကန့်သတ်
နိုဝင်ဘာ 25, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သိမ်းပိုက်ထားသည့် မြို့နယ်များအားဖြတ်သန်းသည့် လမ်းပိုင်းများကို ယာယီသွားလာခွင့်ပိတ်လိုက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့တွင် အဆိုပါတပ်ဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် နိုဝင်ဘာလ(၂၆)ရက်နေ့ကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သိမ်းပိုက်ထားသည့် စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းလမ်းပိုင်းအား စစ်ရေးအခြေအနေအရ သွားလာမှုများ စတင်ကန့်သတ်သွားမည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားသည့် ဒေသအတွင်း စစ်ကောင်စီ၏ ထုတ်ကုန်များကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် အသုံးပြုခြင်းတို့ကို တင်းတင်းကြပ်ကြပ်ပိတ်ပင်သွားမည်ဟုလည်း ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကို Tachileik News Agency က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

“PDF တွေ အခုသိမ်းယူထားတဲ့ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်မှာ ရွှေလုပ်ကွက်၊ ကျောက်လုပ်ကွက်တွေရှိနေတယ်။ အဲဒီကနေ စစ်ကောင်စီက ဘဏ္ဍာငွေတွေရနေလို့ ပြန်ပြီး စစ်ကြောင်းထိုးတာမျိုးရှိလာနိုင်တယ်။ ဘာကြောင့်လဲဆိုတာ အခုစစ်ရေးတင်းမာနေတာက မတ္တရာဘက်၊ ထုတ်ပြန်တဲ့စာအရဆို သပိတ်ကျင်းဘက်ဖြစ်မယ်ထင်တယ်။” ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်တပ်၏နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးကာ ဓာတုဗုံးကြဲချခြင်းကြောင့် ဒေသခံများ မူးမေ့သူများရှိကြောင်း သိရသည်။ 

ယင်းနေ့က စစ်ကောင်စီတပ်သည် စိန်ပန်းကုန်း၊ သဲကျွန်းရွာတစ်ဝိုက်ကို တိုက်လေယာဥ်(၂)စီးဖြင့် ပေါင် (၅၀၀)ဗုံး (၄)လုံး၊ ပေါင်(၂၀၀)ဗုံး (၇)လုံးဖြင့် လေကြောင်းတိုက်ခိုက်သွားသည်ဟု သိရသည်။

“အခုတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာတွေလုပ်နေတယ်။ ကာကွယ်ရေးတပ်တွေဘက်က (၂၂)ရက်နေ့က ပြန်ဆုတ်သွားပြီ။ (၂၃)ရက်နေ့က စစ်ကောင်စီတပ်တွေ ရွာတွေကို မီးရှို့ပြီးတော့ စစ်ကြောင်းထပ်ထိုးနေတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇)ရက်နေ့ကလည်း မတ္တရာမြို့နယ် ဆောက်ခြုံပေါက်ရွာတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်ဟု အမှတ် ၁ စစ်ဒေသက ဖော်ပြသည်။ 

ခမရ(၇၀၁)မှ ဗိုလ်မှူးကျော်ဇေယျဦးစီးသည့် ခမရ(၇၀၁၊ ၇၀၃၊ ၇၀၄)တို့မှ အင်အား(၇၀ )ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုနှင့် အမှတ်(၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာ မြို့နယ် ပကဖ ပူးပေါင်းအဖွဲတို့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် အောင်မြေသာစံမြိုနယ်ရှိ စအရ-၉၁၀ (အမှတ်-၉၁၀ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း)တွင် အင်အားစုဖွဲ့ပြီးနောက် သဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာရာက တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးသည်ဟု သိရသည်။

၎င်းတို့ထံမှ MA-15(ငါးကြင်းမြှီး)နှင့် MA-10 (RPG) အပါ လက်နက်(၉)လက်၊ RPG ဒုံးသီး(၈)လုံး၊ ၆၀ မမ ဗုံးသီး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅)လုံး၊ ၅.၅၆ ကျည်(၃၅၁)တောင့်၊ G-3 ကျည်(၂၄၈)တောင့်၊ MA ကျည်အိမ်(၇)ခု၊ ကျည်အိမ်အဝိုင်းတစ်ခု၊ MA-15 ကျည် ခါးပတ်တစ်ခု၊ Equipment တစ်ခု၊ ယူနီဖောင်း(၂)စုံတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

ထို့နောက် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Mi-35ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၅)ကြိမ် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ဖော်ပြထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)