ရွာငံမြို့တွင် စစ်ကောင်စီ မူးယစ်ရဲတပ်ဖွဲ့နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို တော်လှန်ရေးများ တိုက်ခိုက်

ရွာငံမြို့တွင် စစ်ကောင်စီ မူးယစ်ရဲတပ်ဖွဲ့နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို တော်လှန်ရေးများ တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ရှိ မူးယစ်ရဲတပ်ဖွဲ့နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ တစ်ရက်တည်းတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ကြောင်း သိရသည်။

ရွာငံမြို့နယ်ရှိ စစ်ကောင်စီ မူးယစ်ရဲတပ်ဖွဲ့ဝင်နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရွာငံမြို့အဝင် ဘီးခွန်ဂိတ်တွင် စစ်ဆေးနေစဉ် တော်လှန်ရေးတပ်များက ဘီးခွန်ဂိတ်၏ အရှေ့ဘက်နှင့် အနောက်ဘက် ပေ(၃၀၀)ခန့်အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးကြောင်း စစ်ကောင်စီ လော်ဘီများက ရေးသားဖော်ပြထားသည်။

ထို့အပြင် အဆိုပါအချိန်အတွင်း ရွာငံမူးယစ်လှုပ်ရှားတပ်ဆွယ်ရုံးကိုလည်း တော်လှန်ရေးတပ်များက ရုံးအရှေ့ဘက်နှင့် မြောက်ဘက်တို့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် မူးယစ်ရုံးတွင်ရှိနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။ 

အဆိုပါ အချိန်တွင်ပင် ရွာငံမြို့ ဈေးတန်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ရွာငံမြို့မရဲစခန်းမှ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်(၄)ဦးအနက် ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးသည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကို မည်သည့် တော်လှန်ရေးတပ်ဖွဲ့များက ဆောင်ရွက်ခဲ့သည်ကိုမူ Tachileik News Agency အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

#TachileikNewsAgency