တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်းများကို ၂၀၂၄ ခုနှစ် ဧပြီလ ပထမပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၆၁)တပ်ရင်းအား ဧပြီလ(၄)ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင်  မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)၏ ADF ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း  သတင်းထုတ်ပြန်သည်။

ယင်းအပြင် ဧပြီလ(၂)ရက်နေ့ကလည်း ခမရ (၅၆၁)တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  ဧပြီလ(၁)ရက်နေ့ ညနေပိုင်းတွင် ကမ်းပလိုင်းရွာအခြေစိုက် ခမရ(၅၅၈)တပ်ရင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)သည် မြိတ်ခရိုင်တပ်ရင်း(၂) (တပ်ခွဲ ၁)၊ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ)နှင့် ADF ဒရုန်းအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency