ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီဂိတ်နှင့် ပျူစောထီးနေအိမ်တို့ကို တော်လှန်ရေးတပ်များက ဝင်စီးရာ သိမ်းဆည်းရရှိသည့် သေနတ်(၅)လက်တွင် (၄)လက်မှာ အတုဖြစ်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ညောင်လေးပင်မြို့နယ် ဂျောင်းတာရွာထိပ်ရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်တို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ပျူစောထီးများအား သေနတ်အတုများ ပေးကိုင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ဂျောင်းတာရွာထိပ်က ပျူစခန်းကိုသိမ်းတာ သေနတ်အတုတွေရတယ်။ တစ်လက်ပဲ အစစ်ပါတယ်။ ပြည်သူကို လှည့်စားနေတာ။ ရွာသားတွေအထင်ကြီးအောင် အင်လုပ်ထားတာနေမှာ။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဂိတ်စခန်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာ MA-3 တစ်လက်၊ ရှေ့ထွက်မိုင်း တစ်လုံး၊ အီနာဂါ ဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး ဂိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခရိုင်ပကဖ က ဆိုသည်။
ဂိတ်စခန်းအနီးရှိ ဂျောင်းတာရွာအုပ်စု ပျူစောထီးများအား စစ်သင်တန်းပေးနေသော ပျူစောထီးခေါင်းဆောင်၏ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းရာ လက်လုပ် ကိုးလုံးသေနတ် (၂)လက်နှင့် လက်လုပ်သေနတ် (၂)လက်တို့ကို သိမ်းဆည်းရရှိရာ အဆိုပါသေနတ်များမှာ အတုများဖြစ်နေသည်။
“ပျူခေါင်းဆောင်နေအိမ်ကို တိုက်ခိုက်တာ။ ပျူခေါင်ဆောင်ထွက်ပြေးသွားတယ်။”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက Tachileik News Agency ကို ယမန်နေ့က ပြောသည်။
တိုက်ခိုက်မှုကို KNLA နှင့် ပဲခူးခရိုင် ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့နယ် ပကဖ၊ ကဝမြို့နယ် ပကဖ၊ ရန်ကုန်တိုင်း တိုက်ခိုက်ရေးတပ်ဖွဲ့ (၅)၊ မအူပင်ခရိုင် ပကဖ၊ ဝေါမြို့နယ် ဆေးတပ်ဖွဲ့တို့ ပူးတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT