လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၁)ကျောင်းနှင့် ပြည်သူနေအိမ် (၁)လုံးတို့ ပျက်စီးပြီး အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU ဗဟိုထံမှ သိရသည်။ 

လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေ (၂)နာရီ (၁၅)မိနစ်တွင် စစ်ကောင်စီတပ်များသည် ကျောက်တံခါးမှနေပြီး သမင်အင်းကုန်း ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး နေ့လယ် (၂)နာရီ (၁၈) မိနစ်တွင် ကွင်းချောင်းဝရှိ စစ်ကောင်စီတပ်များမှ (၁၂၀)မမ လက်နက်ကြီး (၁)လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် နိုဝင်ဘာလ (၉)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲတွင် စစ်ကောင်စီတပ် ခလရ (၂၆၄) တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ အင်းပရစ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူပိုင် နေအိမ် (၁)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မူးမြို့နယ်ရှိ ကော့ပြင်းကျေးရွာတွင်လည်း နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လယ် (၁၀)နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၉) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင်လည်း ခမရ(၄၃၉) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး (၂)လုံး သရက်ကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻