ဇီးကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ဇီးကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြု တပ်ခွဲက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ထုတ်ပြန်သည်။

ဇီးကုန်းမြို့နယ် ဘော်ဘင်ကျေးရွာ အထိုင်စခန်းမှ နှစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက်  (၇)နာရီတွင် ဘော်ဘင်ဆည် တမံ (၁)တိုက်ပြာ နှင့် သစ်လုံးဆောင်ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဒေသာမိုင်းကို အချိန်ကိုက် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘော်ဘင်ဆည် တမံ (၂) ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း BTZM GBK PDF အဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၃)ရက်နေ့ကလည်း ဘော်ဘင်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပတ်ထွက်နေစဥ် BTZM GBK PDF ပဲခူးရိုးမအခြေပြု တပ်ခွဲက စခန်းတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency