သာယာဝတီထောင်တွင် မိသားစုက ပေးပို့သည့် ပါဆယ်စာအုပ်ထဲတွင် ဖုန်းဆင်းကဒ်ပါသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရိုက်နှက်ပြီး တိုက်ပိတ်ခံထားရ

သာယာဝတီထောင်တွင် မိသားစုက ပေးပို့သည့် ပါဆယ်စာအုပ်ထဲတွင် ဖုန်းဆင်းကဒ်ပါသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရိုက်နှက်ပြီး တိုက်ပိတ်ခံထားရ
နိုဝင်ဘာ 12, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် မိသားစုက ပေးပို့သည့် ပါဆယ်စာအုပ်ထဲတွင် ဖုန်းဆင်းကဒ်ပါသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရိုက်နှက်ပြီး တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

သာယာဝတီထောင်တွင် မိသားစုက ပေးပို့သည့် ပါဆယ်စာအုပ်ထဲတွင် ဖုန်းဆင်းကဒ်ပါသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသား ကိုထွဋ်ပိုင်မှူး နှင့် ကိုပြည့်စုံအောင်တို့နှစ်ဦးအား ရိုက်နှက်ပြီး တိုက်ပိတ်ထားသည့်အပြင် ခြေကျင်းများပါခတ်ခံထားရကြောင်း အကျဉ်းထောင် အာဏာပိုင်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရကြောင်း PPNM အဖွဲ့က အသိပေးသည်။

ထို့အပြင် ကိုထွဋ်ပိုင်မှူး နှင့် ကိုပြည့်စုံအောင်တို့သည် အကျဉ်းထောင်တွင်း အဖိနှိပ်ခံအကျဉ်းသားများအရေးကို ဆောင်ရွက်ခြင်းနှင့် ထောင်အာဏာပိုင်များ၏ ဥပဒေမဲ့လုပ်ဆောင်မှုများကို ဝေဖန်ထောက်ပြလေ့ရှိသည့်အတွက် အကျဉ်းထောင်အာဏာပိုင်များက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးနှင့်နီးစပ်သူထံမှ ထပ်မံသိရှိခဲ့ရပြီး PPNM မှလည်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

“လက်ရှိအချိန်အထိတော့ မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်မရသေးတော့ တိုက်ပိတ်ခံထားရဆဲလို့ ပြောလို့ရပါတယ် စပြီးတိုက်ပိတ်ခံရတဲ့အချိန်က နိုဝင်ဘာလ (၁)ရက်နေ့က တွက်မယ်ဆိုရင် အနည်းဆုံး (၁၀)ရက်ကျော်နေပြီပေါ့နော်။ ကိုထွဋ်ပိုင်မှူးက ပြီးခဲ့တဲ့ တကြိမ်ကလည်း ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်နှိပ်ဆက်မှု ခံထားရတဲ့လူဖြစ်တယ်။ လက်ရှိမှာလည်း ခါးကိုက်ဝေဒနာ ခံစားနေရတာဖြစ်တယ်။ လက်ရှိ ဆောင်းရာသီမှာ ခြေချင်းထောက်တွေခတ်ပြီး ရိုက်နှက်ပစ်ဒဏ်ပေးခြင်းဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ နောက်တခုက အကျဉ်းထောင်ရဲ့ ထောင်ဗူးဝရှေ့မှာ ပစ္စည်းတွေကို စနစ်တကျစစ်ဆေးပြီးမှ အကျဉ်းထောင်အတွင်းကို ပို့ဆောင်တဲ့ အခြေအနေမျိုးမှာ ထောင်ထဲရောက်မှ ဆင်းကဒ်တွေ့ပါတယ်ဆိုတာ လုံး၀ ယုတ္တိမရှိဘဲ အဓိပ္ပာယ်ကင်းမဲ့တဲ့ အကြောင်းပြချက်ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။”ဟု PPNM အဖွဲ့မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။

သာယာဝတီထောင်အာဏာပိုင် ရဲရင့်နိုင်သည် စစ်ကောင်စီအလိုကျ နိုင်ငံရေး အကျဉ်းသူ၊အကျဉ်းသားများကို ဖိနှိပ်သည့်အချိန်တိုင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများကပါ လူ့အခွင့်အရေးချိုးဖောက်နေသည့် အကျဉ်းဦးစီးဝန်ထမ်းများ၏ ချိုးဖောက်မှုများကို သတင်းဖုံးပေးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အသိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency