စစ်ကိုင်းတိုင်း ပုလဲမြို့ရှိ လျှပ်စစ်ရုံး ဝန်ထမ်းအိမ်ယာနှင့် ထွေအုပ်ရုံး ဝန်ထမ်းအိမ်ယာတို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ဗုံးကြဲရာ မြို့နယ်လျှပ်စစ်မှူးနှင့် ထွေအုပ်စာရေး ဇနီးတို့ သေဆုံးပြီး မိသားစုဝင်များ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၁)ထံမှ သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ပုလဲမြို့၌ စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းတိုက်ခိုက်မှု (၁၀)ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ ရဲစခန်းအရှေ့မြောက်ဖက်ရှိ မြို့နယ်လျှပ်စစ်ရုံး ဝန်ထမ်းအိမ်ယာပေါ်သို့ ပေါင်(၅၀၀)ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပြီး မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ၎င်း၏ဇနီးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း သိရသည်။
“မှားကြဲတာလား၊ တမင်ကြဲတာလားတော့ သူတို့မှသိမှာပဲ။ ရဲစခန်းနဲ့ ထွေအုပ်ဝန်ထမ်းအိမ်ယာတွေကို ကြဲတာပါ။ ပျက်စီးမှု အသေးစိတ် မသိရသေးပါဘူး။ လက်ရှိမှာတော့ မြို့ပေါ် မှာ ပြည်သူတွေ မနေကြတော့ပါဘူး။ စစ်ပွဲလည်း ရပ်နေတယ်ဗျ။”ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၁၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲစခန်းအနောက်ဖက် သုံးထပ်ဝန်ထမ်းအိမ်ယာတွင် နေထိုင်သော ထွေအုပ်စာရေး ကိုဇင်မောင် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ၄င်း၏ ဇနီး မမျိုးဦးနှင့် သားဖြစ်သူတို့မှာ သေဆုံးခဲ့ရကြောင်း သိရသည်။
“ဒေသခံတွေကို မြို့ထဲအထိဝင်ပြီး ကားနဲ့ကယ်ထုတ်ပြီး သူတို့တွေရဲ့ သွားလိုရာ နယ်မြေတွေကို လိုက်ပို့ပေးပါတယ်။”ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၁၁)မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ပုလဲမြို့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်သော တော်လှန်ရေးတပ်များက နိုဝင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပုလဲမြို့တိုက်ပွဲကြောင့် တို ပုလဲမြို့နှင့်အနီးရှိ ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး တော်လှန်ရေးတပ်များက ကူညီပေးထားကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Video: ယင်းမာပင်ခရိုင်တပ်ရင်း-၁၁