မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ညပိုင်းတွင်း လေကြောင်းမှ ဗုံးအများအပြားကြဲချတိုက်ခိုက်သွားပြီး အရပ်သား (၃)ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးကြောင်း ကနဦးသတင်းသိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ည(၁၁)နာရီဝန်းကျင်မှစတင်ကာ မိုးကုတ်မြို့ အနောက်ပိုင်း ဂေါက်ကွင်းအနီး၊ အရှေ့ပိုင်း ပိန်ပြစ်ရွာအနီးနှင့် နေရာတချို့ကို ဗုံးများကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
"မိုးကုတ်အရှေ့ပိုင်း လယ်ဦးမင်္ဂလာ မဂ္ဂင်ကျောင်းဘက်ကို လေယာဉ်ဗုံးကြဲသွားတာ အရပ်သားတွေ ထိခိုက်သေဆုံးတယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီသည် ည(၁၁)နာရီတွင် မိုးကုတ်အနောက်ပိုင်းကို ဗုံး(၂)လုံး၊ ည(၁၂)နာရီတွင် မိုးကုတ်အရှေ့ပိုင်းကို ဗုံး(၁)လုံး၊ ည(၁၂)နာရီ (၁၉)မိနစ်ခန့်တွင် မိုးကုတ်အနောက်ပိုင်းကို ဗုံး(၂)လုံး ကြဲချသည်ဟု ဆိုသည်။
“လောလောဆယ် ကျွန်တော်တို့လည်း ဆက်သွယ်နေဆဲပါ။ အသေးစိတ်တော့ မသိရသေးပါဘူး။ အရပ်သား(၃)ဦး သေဆုံးတာကိုတော့ အတည်ပြုဖို့ကြိုးစားနေပါတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
မိုးကုတ်မြို့နယ်ကို TNLA နှင့် PDF တပ်များက ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: CJ