ကျွန်းလှမြို့နယ် ဘအင်းသရက်တောရွာကို စစ်ကောင်စီမီးရှို့ပြီး အရပ်သားနှစ်ဦးကိုသတ်ကာ ၃ ဦးကိုဖမ်းဆီးသွား

ကျွန်းလှမြို့နယ် ဘအင်းသရက်တောရွာကို စစ်ကောင်စီမီးရှို့ပြီး အရပ်သားနှစ်ဦးကိုသတ်ကာ ၃ ဦးကိုဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ဘအင်းသရက်တောရွာကို အင်အား (၁၂၀)ဝန်းကျင်ပါဝင်သည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်မီးရှို့ကာ အရပ်သားအမျိုးသား နှစ်ဦးအား သတ်ဖြတ်ပြီး (၃)ဦးအား ဖမ်းဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံမှ သိရသည်။

“စစ်ကြောင်းဝင်လာတာ မနက် ၉ နာရီလောက်ထင်တာပဲ။ ဘယ်သူမှ မသိလိုက်ဘူး။ အသံကြားမှ ပြေးကြ လွှားကြရတာ။ ဘာပစ္စည်းမှမသယ်နိုင်ဘူး။ ကိုယ်လွတ်ပြေးရတာ။ ဖမ်းခံရတာ (၅)ယောက်ထဲ မိန်းကလေးတွေရောပါတယ်ပြောတာပဲ။ ဘယ်သူ့သားသမီးတွေလဲ မသိသေးဘူး။ အဲဒီအထဲက ကောင်လေးနှစ်ယောက်ကတော့ ရိုက်သတ်ထားခဲ့တယ် ပြောနေကြတယ်။ ဘယ်သူဘယ်ဝါတော့ မသိသေးဘူး။ ရွာက မနှစ်ကလည်း မီးရှို့ ခံထားရတာ တစ်ရွာလုံးနီးနီးပဲ။ အခုထပ်ရှို့တာနဲ့ဆို ပြန်ဆောက်တာလေးတွေရော အကုန် ရှို့ခံရပြီထင်ပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောကြောင်း အဆိုပါအဖွဲ့က ဖော်ပြထားသည်။ 



အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့  ညပိုင်းတွင် ကန့်ဘလူ (၆၀၀၆)တင့်ကားတပ်မှ ကျွန်းလှမြို့သို့ ကားနှစ်စီး အင်အား(၇၀)ဝန်းကျင်ဖြင့် ရောက်ရှိလာ‌ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ (၈)ရက်နေ့ နံနက်အစောပိုင်းတွင် ကျွန်းလှမြို့မှ ပျူစောထီးများ၊ ပေကုန်းရွာမှ ပျူစောထီးများနှင့်ပေါင်းပြီး အင်အား(၁၂၀)ဝန်းကျင်ဖြင့် ပေကုန်းရွာမှ ထွက်ကာ ကံပေါက်တောကျောင်းမှတဆင့် ဘအင်းသရက်တောရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။ 

ဘအင်းသရက်တောရွာသို့ စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာပြီးနောက် ရွာကိုမီးရှို့ဖျက်ဆီးပြီး ပြည်သူ(၃)ဦးအား ဖမ်းဆီးကာ ညနေ(၅)နာရီဝန်းကျင်တွင် ပေကုန်းရွာမှတဆင့် ကျွန်းလှမြို့သို့ ဝင်ရောက်သွားကြောင်း သိရသည်။

ဘအင်းသရက်တောရွာသည် တောင်ယာဆိပ်အုပ်စုတွင်ပါဝင်ပြီး အုပ်စုရွာ(၄)ရွာပေါင်းလျှင် အိမ်ခြေ (၂၂၂)လုံးရှိသည့်အနက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် မြင်သာဦးရွာမှ နေအိမ်(၂၁)လုံး၊ ဘအင်းသရက်တောရွာမှ နေအိမ်(၃၃)လုံး၊ အောင်ရန်ကင်းရွာမှ နေအိမ်(၅၁)လုံးနှင့် တောင်ယာဆိပ်ရွာမှ နေအိမ် (၂၂)လုံး စုစုပေါင်း နေအိမ်(၁၂၇)လုံး ဆုံးရှုံးထားသည်။

#TachileikNewsAgency