တောင်ငူတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက ဧည့်စာရင်းပိုစစ် လုံခြုံရေးတိုးမြှင့်

တောင်ငူတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက ဧည့်စာရင်းပိုစစ် လုံခြုံရေးတိုးမြှင့်

ပဲခူးတိုင်း တောင်ငူမြို့ပြင်တွင် တိုက်ပွဲဖြစ်ပြီးနောက် မြို့တွင်း၌ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ခြင်းနှင့် လုံခြုံရေးတပ်ကြပ်ခြင်းများ ပိုမိုပြုလုပ် ထားသည်ဟု သိရသည်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက ဇီးဖြူပင်၊ ကမ်းနီ၊ ညောင်ပင်သာတစ်ကြော စစ်တောင်းမြစ်ကမ်းနဘေးတွင် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား (၅)ဦး ဒဏ်ရာရကာ ဒေသခံ(၅၀၀၀)ဝန်းကျင် ထွက်ပြေးရပြီးနောက် အစစ်အဆေးတင်းကြပ်လာခြင်းဖြစ်ကြောင်း သိရသည်။

"မြို့အဝင်၊ အထွက်တွေ ညခင်းဧည့်စာရင်းစစ်တာတွေ သာမန်ထက် ပိုတင်းကြပ်လုပ်နေကြတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

တောင်ငူမြို့နှင့် (၅)မိုင်ဝန်းကျင်ခန့်အကွာတွင် ယမန်နေ့ နံနက်(၅)နာရီကျော်မှ ညနေ (၃)နာရီကျော်အထိ တိုက်ပွဲဖြစ်ပြီးနောက် ညနေပိုင်းတွင် လက်နက်ကြီး ပစ်ခတ်သံများ ထပ်ကြားရသည်ဟု ဆိုသည်။

"မနေ့က တော်တော်ကြမ်းတယ်။ တောင်ငူမြို့အပြင် ဇီးဖြူပင်၊ ဘကမ်းနီ၊ ညောင်ပင်သာ စတဲ့ ရွာ(၅)ရွာက အကုန် မြို့ပေါ်နဲ့ နီးစပ်ရာ လာရှောင်နေကြပြီ။ လူဦးရေ စစ်ဘေးရှောင် (၅၀၀၀)ကျော်လောက်ရှိတယ်။ ပြည်သူ (၅)ဦးလောက် လက်နက်ကြီးထိပြီး ဒဏ်ရာအပြင်းအထန်ရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

လက်ရှိတွင် တိမ်းရှောင်နေသည့် ဒေသခံများမှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရပြီး ယနေ့တွင် ပစ်ခတ်သံများမကြားရဘဲ ငြိမ်သက်နေသည်ဟု ဆိုသည်။ 

စစ်ကောင်စီ၏ တောင်ငူလေတပ်၊ အမြောက်တပ်နှင့် အိုင်စောင့်ကျေးရွာ၌ အထိုင်ချတပ်စွဲထားသော တပ်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကွမ်းသီးပင်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား (၅)ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency