မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးရွာရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်က ပစ်ခတ်ရာ (၃)ဦးသေပြီး သေနတ် (၂)လက် ရရှိသည်ဟု နွားထိုးကြီး PDF ထံမှ သိရသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်းက ဝက်လူးရွာနယ်မြေရဲစခန်းမှ ရိက္ခာရှာရန် ထွက်လာသည့် စစ်ကောင်စီတပ်သား (၃)ဦးကို တော်လှန်ရေးတပ်က တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
"ဝက်လူးကျေးရွာရဲစခန်းကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ခွေး (၃) ကောင်ကို ကျွန်တော်တို့ ရဲစခန်းနဲ့ မီတာ (၂၀၀) အကွာအဝေးလောက်အထိ ဝင်ပစ်တာ။ ဝင်ပစ်တဲ့အချိန်မှာ (၃)ယောက်လုံး ပွဲခြင်းပြီး သေပြီး သေနတ် (၂)လက် သိမ်းဆည်းရရှိခဲ့ပါတယ်။"ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ပစ်ခတ်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ နွားထိုးကြီး PDFက ပြုလုပ်ခြင်းဖြစ်ပြီး သေဆုံးသူ (၃) ဦးလုံးမှာ တပ်သားများဖြစ်သည်ဟု သိရသည်။
ပစ်ခတ်ခံပြီးနောက် ဝက်လူးရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများက လက်နက်ကြီးနှင့် ပစ်ခတ်သော်လည်း အရပ်သားထိခိုက်မှုမရှိဟု သိရသည်။
မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ နွားထိုးကြီး PDF သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈၊ ၃၁၉ ကြားရှိ ရဲကင်းစခန်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့က ဝင်တိုက်ခိုက်သည်။
ထို့နောက် ယင်းမိုင်တိုင်များ အနီး၌ပင် အဆိုပါတပ်ဖွဲ့သည် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် စစ်ဆေးရေးပြုလုပ်သဖြင့် စစ်ကောင်စီတပ်များ လုံခြုံရေးတိုးမြှင့်ရသည်အထိ ဖြစ်ခဲ့သည်။
ယနေ့တွင်ပင် ညောင်ဦးမြို့ ပုဂံနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဝါဝါထွန်းဦးစီးသည့် (၃)ဦးသည် ညောင်ဦးမြို့နယ် တရားရုံးထုတ်အတွက် လုံခြုံရေးယူရန် ဆိုင်ကယ်များဖြင့်လာစဉ် တော်လှန်ရေးတပ်များက ညောင်ဦးမြို့ အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးအင်းရပ်ကွက်၊ အလိုတော်ပြည့်ဘုရားအနီး၊ အနော်ရထာလမ်းမကြီးဘေးအရောက်တွင် အနီးကပ်သေနတ်ဖြင့်ပစ်ခတ်ရာ ရဲတပ်ကြပ် ခင်မောင်မြင့်နှင့် ရဲတပ်သား ရီဝေဦးတို့ (၂)ဦးသေပြီး ဒုရဲအုပ် ဝါဝါထွန်းမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
#TachileikNewsAgency