Myingyan Black Tiger တပ်ဖွဲ့မှ 5.56 MM ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်ကို အောင်မြင်စွာ ထုတ်လုပ်

ရှေ့တန်းစစ်မျက်နှာပြင်၌ ကျည်ရှားပါးမှု ပြသနာအား ဖြေရှင်းရန် 5.56 MM ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်ကို Myingyan Black Tiger (MBT) အဖွဲ့မှ ကိုယ်တိုင် အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

MBT အဖွဲ့မှ ထုတ်လုပ်သည့် သေနတ်သည် ရှေ့တန်းစစ်မျက်နှာပြင်၌ ကျည်ရှားပါးမှု ဖြစ်ပေါ်နေသော တပ်ဖွဲ့ဝင်များအတွက် အဓိက ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ပေါ့ပါး၍ ပစ်မှတ်ကို မီတာ (၁၀၀) အတွင်း တိကျစွာ ပစ်ခတ်နိုင်ကြောင်း သိရသည်။

“အဓိကကတော့ ကျနော်တို့ MBT က တပ်ဖွဲ့ဝင်တွေ သုံးခဲ့တဲ့ လက်နက်တွေက အိန္ဒိယ ကိုးလုံးကျည်နဲ့ ပစ်ရတဲ့ ပြောင်းချော သေနတ်တွေကို အသုံးပြုခဲ့တာပါ။ ဒီသေနတ်တွေက ထိခိုက်မှု ပြင်းတယ်ပေါ့နော် အဲဒီ့ အားသာချက်ရှိတယ်။ ဒါပေမယ့် သူ့မှာ အားနည်းချက်ကတော့ တိုက်ပွဲကြာလာတာနဲ့အမျှ သေနတ် Error တက်တဲ့ ပြသနာရှိတယ်။ လက်လုပ်သေနတ်တွေဆိုတော့ ခံနိုင်ရည်မရှိတာပါတယ်။ ပြီးတော့ ဒီ သေနတ်တွေက ကျည်ရှားပါးမှုပေါ့နော် အိန္ဒိယ ကိုးလုံးကျည်က ဝယ်ရတာရှားတယ်။ ပိုက်ဆံရှိတောင် ဝယ်ချင်တိုင်း ဝယ်လို့မရဘူးပေါ့နော်။ တော်တော်လေး ရှာရတဲ့ အတိုင်းအတာတွေ ရှိလာပါတယ်။ ဒီ အခု ထုတ်တဲ့ 5.56 ကျည်သုံး ကာဘိုင်သေနတ်ကတော့ ကျည်ဝယ်ရ လွယ်ကူတယ်။ ပြီးတော့ သေနတ်ရဲ့ အားသာချက်က ပေါ့ပါ့းတယ်။ ခိုင်ခံ့တယ်။ တိုက်ပွဲရေရှည် ကြိုက်သလောက်ကြာ တစ်ဖက်ရန်သူနဲ့ ယှဉ်ပြီးတော့ ပစ်နိုင်တယ် ။ Auto မထွက်တာကလွဲပြီး ကျန်တာတွေ အားလုံးက ထိရောက်မှုရှိပါတယ် ။” ဟု Myingyan Black Tiger (MBT) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မိုက်ခဲက Tachileik News Agency ကို ပြောသည်။

အဆိုပါ ကာဘိုင်အမျိုးအစား သေနတ်အား မကြာမီအချိန်အတွင်း ရှေ့တန်းစစ်မျက်နှာမှ Myingyan Black Tiger (MBT) အဖွဲ့များ ကိုင်ဆောင်ထားသည့် ကိုးလုံး (ရှော့ဂမ်း) အစား 5.56 သုံး ကာဘိုင်များဖြင့် အစားထိုး အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Myingyan Black Tiger (MBT) အဖွဲ့မှ မြို့သိမ်းတိုက်ပွဲဆင်နွဲရန်အတွက် End Point ကမ်ပိန်းကိုလည်း ပြုလုပ်ထားပြီး ကမ်ပိန်းတွင် ကျန်ရှိနေသည့် ၆၀ ရာခိုင်နူန်းအား ပြည်သူများ ဆက်လက်ကူညီ ထောက်ပံ့ပေးပါရန် တိုက်တွန်း အသိပေးထားသည်။

#TachileikNewsAgency

Video: MBT