စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေး တရုတ် ကူညီမည်

စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေး တရုတ် ကူညီမည်

စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေး တရုတ်က ကူညီမည်ဖြစ်ကြောင်း တရုတ်နိုနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang က ပြောကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့က ကူမင်းမြို၌ တွေ့ဆုံစဥ် တရုတ်ဝန်ကြီးချုပ်က ယင်းသို့ပြောဆိုခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

"တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီမည်ဖြစ်ကြောင်း"ဟု တရုတ်ဝန်ကြီးချုပ်က ပြောသည်။ 

မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိသည်ဟုလည်း စစ်ကောင်စီ၏ ဖော်ပြချက်တွင် ပါရှိသည်။ 

ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို အသိအမှတ်ပြုကြောင်းနှင့် တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ဟုလည်း ပြောဆိုသည်ဟု ဆိုသည်။ 

နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏စီမံခန့်ခွဲမှုအောက်တွင်ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

"တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နိုင်ငံရေးအရ ယုံကြည်မှုများ ပိုမိုတိုးတက်လာစေရေး ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း"ဟု တရုတ်ဝန်ကြီးချုပ်က ပြောသည်ဟု ထုတ်ပြန်ထားသည်။ 

ထို့အပြင် တရုတ်-မြန်မာ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် လာမည့်သံတမန်ဆက်ဆံမှု ၇၅ နှစ် စိန်ရတုကာလမှစ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အရေးပင် ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆိုသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိင်တို ယနေ့ နေ့လယ်ပိုင်းတွင် ကူမင်းမြို၌ တွေ့ဆုံခဲ့စဥ်