ချောက်မြို့နယ်အတွင်း စစ်ကြောင်း ၄ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုရှိ 

ချောက်မြို့နယ်အတွင်း စစ်ကြောင်း ၄ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုရှိ 

မကွေးတိုင်း ချောက်မြို့နယ်အတွင်း စစ်ကြောင်း (၄)ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ရာတွင် နှစ်ဖက်ထိခိုက်မှုရှိကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ အင်အား (၆၀၀)ခန့်ရှိ စစ်ကြောင်း (၄)ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ခိုက်မှု (၃)ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်မှု (၂)ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ထိန်စမ်းနှင့် ကံသစ်ကုန်းလမ်းပိုင်းတွင် တကြိမ် ၊ အောက်တိုဘာလ (၂၇)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် တကြိမ်နှင့် ယင်းနေ့ (၂)နာရီခန့်တွင် တကြိမ် စုစုပေါင်း (၃)ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ အများအပြားထိခိုက်ပြီး အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင်ဗိုလ်ပေတ အပါအဝင် တပ်ဖွဲ့ဝင် (၃)ဦး ကျဆုံးကာ (၇)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် တကတိုင်ကျေးရွာသို့ ဝင်ရောက်လုယက်ပြီး ၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် နရွဲတောကျေးရွာ ၊ ရွာမကျေးရွာများရှိ အိမ်ခြေအလုံး (၅၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူ (၂)ဦးကို သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှုကို အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ မကွေးခရိုင် ပကဖ ၊ မကွေးခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ (၁/၂/၃)၊ ပခုက္ကူ ပကဖ ၊ ချောက်မြို့နယ် ပကဖ ၊ Chauk Guerrilla ၊ Kyaukpadaung Defence Force ၊ မကွေးခရိုင် တပ်ရင်း (၁)၊ မကွေးခရိုင် တပ်ရင်း (၂)၊ Chauk Revolution Army နှင့် ဖေကံကောင်းဦးစီးသည့် (YRCF) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency