ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ကလပ်စတာဗုံး အသုံးပြုတိုက်ခိုက်သွားကြောင်း TNLA နှင့် ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့နံနက် (၃)နာရီကျော်တွင် ဗုံး(၈)လုံး ကြဲချတိုက်ခိုက်ရာ ကွတ်ခိုင်မြို့ ရပ်ကွက်(၂)အတွင်းရှိ အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ (န.တ.လ)ကျောင်း၊ EPC ရုံး၊ အေရှာဝေါလ်တိုးဂိတ်အနီးနှင့် ယူကလစ်တောအနီးတို့တွင် ကျရောက်ပေါက်ကွဲကြောင်း သိရသည်။
“(၃)ကြိမ်ဗုံးကြဲတာ။ နေအိမ်အဆောက်အဦးတွေထိတယ်။ ကျွဲတွေသေတယ်။ ကလပ်စတာဗုံး (အတွဲလိုက်ပစ်) တစ်ခုပါတယ်။”ဟု TNLA မှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ကျွဲတစ်ကောင်နှင့် ဌာနဆိုင်ရာအဆောက်အဦးတချို့ ထိခိုက်ပျက်စီးကာ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို TNLA သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖယ်ရှားလိုက်ကြောင်း သိရသည်။
“သိထားသလောက်တော့ တိုးဂိတ်ကျော်နားက ယူကလစ်တောမှာ နောက်ဆုံးပစ်တဲ့ဟာ ကျွဲတွေသေသွားတယ်။ ပေါင်း(၅၀၀) အပါအဝင် (၁၀)လုံးလောက် ကြဲချသွားတာ။ ဆယ်လုံး ကျော်လောက် ဗုံးကြဲခံရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ(၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့ရှိ မြို့မစျေးကို လေကြောင်းမှ (၄)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၆)ဦး သေဆုံးပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိကာ မြို့မစျေးဆိုင်ခန်းပေါင်း (၄၀၀)ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
#TachileikNewsAgency