မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၇)ရက်နေ့ နံနက် (၁၀)နာရီတွင် စစ်ကောင်စီတပ်များသည် သေဂေလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်နိုင်ရန်အတွက် လက်နက်ကြီး စုစုပေါင်း (၂၈)လုံး ခန့်ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် သေဂေလူ ကျေးရွာအတွင်းသို့ (၂၆)လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် (၂)လုံးမှာ ငနွားဆိပ်ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ငနွားဆိပ်ကျေးရွာနေ အသက် (၁၃)နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် စုစုပေါင်း ဒေသခံ အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့၌လည်း စစ်ကောင်စီတပ် ရွှေဝါတပ်ရင်းမှလည်း လက်နက်ကြီး (၈)လုံး နောင်ကုန်းကျေးရွာ အနီးသို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်များသည် သေဂေလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်နိုင်ရန် လက်နက်ကြီးများပစ်ခတ်မှုကြောင့် သေဂေလူကျေးရွာ၊ ငနွားဆိပ်ကျေးရွာနှင့် ဝဲတူးကျေးရွာ စသည့် ကျေးရွာ (၃)ရွာရှိ အိမ်ခြေ (၃၉၂)မှ လူဦးရေ (၁၈၅၄)ဦးသည် စိုးရိမ်ထိတ်လန့်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း သိရသည်။
#TachileikNewsAgency
Photo: KNU