ရန်ကုန်တိုင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)ရှိ အမှတ်(၉၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းခွဲတိုက်ခိုက်ရန် သွားရောက်စဥ် ကားပေါ်တွင် မိုင်းပေါက်ကွဲ၍ ဒဏ်ရာရသူများ ဖမ်းဆီးရမိပြီးနောက် သေဆုံးသွားကြောင်း စစ်ကောင်စီဘက်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၆၂)ရပ်ကွက် ပတ္တမြားလမ်းရှိ အမှတ်(၃၀)အခြေခံ ပညာမူလတန်းကျောင်းအနီး၌ အမျိုးသားနှစ်ဦးဒဏ်ရာများဖြင့် လဲကျနေသည်ကို စစ်ကောင်စီတပ်က သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်၊ အမှတ်(၇၈)ရပ်ကွက်နေ ဖိုးလပြည့်(၂၉)နှစ်၊ အမှတ်(၉၄)ရပ်ကွက်နေ ပိုင်မင်းထက် (၂၀)နှစ်တို့နှစ်ဦးကိုတွေ့ရှိခဲ့သည်ဟု ဆိုသည်။
၎င်းတို့အား ဒဏ်ရာများဖြင့်တွေ့ရှိရသဖြင့် အမှတ်(၁) စစ်ဆေးရုံ(ခုတင် ၁၀၀၀) သို့ ပို့ဆောင်ကာ စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ယမန်နေ့ ထုတ်ပြန်ချက်တွင် သေဆုံးသွားပြီဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဖိုးလပြည့်၊ ပိုင်မင်းထက်နှင့် အောင်နိုင်ထွန်း (ခ)ကရင်တို့သည် ငွေစိုး(၄၀)နှစ်မောင်းနှင်သည့် Toyota Corolla အမျိုးအစား အဖြူရောင်အငှားယာဉ်ဖြင့် အမှတ်(၉၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းခွဲရန်သွားရောက်စဉ် အဆိုပါရုံးအနီးအရောက်၌ ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် လက်လုပ်မိုင်းမှာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုကြောင့် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အောင်နိုင်ထွန်း(ခ)ကရင်မှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကာ ယာဉ်မောင်း ဖြစ်သူ ငွေစိုးမှ ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦးအား တင်ဆောင်၍ ဆက်လက်မောင်းနှင်လာရာက အမှတ်(၃၀)အခြေခံပညာမူလတန်းကျောင်းအနီးအရောက်၌ ယာဉ်ပေါ်မှ ချထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ယာဉ်မောင်း ငွေစိုးအား ဖမ်းဆီးရမိနိုင်ရေး ရှာဖွေရာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် မေယဝတီလမ်းထောင့်အနီးတွင် ငွေစိုးအား ၎င်းမောင်းနှင်သည့် အဖြူရောင် အငှားယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသည်ဟု ထုတ်ပြန်သည်။
ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့မှာ သေဆုံးသွားခဲ့ပြီး ငွေစိုးအား အရေးယူနိုင်ရေး ဆောင်ရွက်နေပြီး အောင်နိုင်ထွန်း(ခ)ကရင်အား ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေသည်ဟုလည်း ထုတ်ပြန်ထားသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး အမှတ်(၆၂)ရပ်ကွက်အနီးရှိ ဒေသခံများကို Tachileik News Agency က ဆက်သွယ်မေးမြန်းသော်လည်း ဖြစ်စဉ်ကို သိရှိသူမရှိဖြစ်နေ၍ ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။
ထို့အပြင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း သီးခြားထုတ်ပြန်ထားခြင်းမရှိသေး၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဟုတ်၊ မဟုတ်ကိုလည်း အတည်မပြုနိုင်သေးပါ။
#TachileikNewsAgency
Photo:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး