ဘူးသိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကျောင်းအဆောက်အဦး ၁ လုံးနှင့် နေအိမ် ၃ လုံး ပျက်စီး

ဘူးသိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကျောင်းအဆောက်အဦး ၁ လုံးနှင့် နေအိမ် ၃ လုံး ပျက်စီး
အောက်တိုဘာ 28, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဘူးသိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းမှ စက်သေနတ်နှင့် ပစ်ခတ်ခြင်း ၊ ဗုံးသီးကြဲချ တိုက်ခိုက်ခြင်းတို့ကြောင့် ကျောင်းအဆောက်အဦး (၁)လုံးနှင့်  နေအိမ် (၃)လုံး ထိခိုက်ပျက်စီးကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်ထံမှ သိရသည်။

ဘူးသိုမြို့နယ် ခေါပူ(ခေါပုတ်)ဒေသ ခေါပုတ်အုပ်စုသို့  ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့ နံနက် (၅)နာရီဝန်းကျင်တွင် စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး (၄၀)ခန့် လာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ (၂၅)ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်တွင်လည်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဘူးသိုမြို့နယ် ပါဟိုက်အုပ်စု ဆောဘွဲဒဲကျေးရွာအတွင်းသို့ ဗုံးသီး (၂)လုံး ကြဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းအဆောက်အအုံ (၁)လုံးနှင့် နေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၊ ညနေ (၅)နာရီ (၄၅)မိနစ်တွင်လည်း အဆိုပါကျေးရွာနှင့် အနီးအနားဒေသများသို့ ဗုံးသီး (၃၀)ခန့် လာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၂၅)ရက်နေ့ ည (၈)နာရီမှ (၁၀)နာရီအတွင်း၌လည်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ၎င်းတို့ တပ်စခန်းရှိရာ ခေါပူနေရာ အနီးအနားတစ်ဝိုက်သို့ ဗုံးသီး (၂)လုံး ၊ Y-12 ဖြင့် ဗုံးသီး (၃၀)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဖာပွန်ခရိုင်အတွင်း ဒေသခံ (၈၈,၈၉၇)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။

#TachileikNewsAgency

Photo: KNU-Mutraw News