ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီက ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားထိခိုက်သေဆုံးသူရှိကာ ခရစ်ယာန် နှစ်ခြင်းဘုရားကျောင်းအပါအဝင် နေအိမ်အဆောက်အအုံများ ပျက်စီးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။
“နောင်ချိုမြို့ကို ည(၈)နာရီလောက်မှာ ဗုံးနှစ်ကြိမ် လာကြဲတာ။ သပြေရပ်ကွက်ကို ကြဲသွားတာ။ သပြေရေရပ်ကွက်က မြို့အစွန်လောက်မှာရှိတယ်။ ကံကြီးဘက်ထွက်တဲ့ ဘက်ပေါ့နော်။ အဘိုးတစ်ဦးဆုံးတယ်။ တစ်ယောက်ဒဏ်ရာရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
စစ်ကောင်စီတပ်သည် ယင်းနေ့ ည(၁၀)နာရီဝန်းကျင်တွင်လည်း သိန္နီမြို့ကို ဗုံးကြဲချရာ KBC ခရစ်ယာန်ဘုရားကျောင်း၊ အမှတ်(၃) ရပ်ကွက်ရှိ ထွေအုပ်ရုံးအပြင် နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ဖြစ်သည့် ယမန်နေ့တွင် လောက်ကိုင်နှင့် နမ့်ခမ်းမြို့တို့ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency