ကရင်နီကို စစ်ကောင်စီ အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ လက်နက်ကြီး နှင့်ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး

ကရင်နီကို စစ်ကောင်စီ အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ လက်နက်ကြီး နှင့်ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး
နိုဝင်ဘာ 9, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အင်အား (၅၀၀)ဝန်းကျင်နှင့် စစ်ကြောင်းထိုးလာပြီးနောက် လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား (၅)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဘက်မှ ပြီးခဲ့သည့်ရက်ပိုင်းကစတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNO အင်အား(၅၀၀)ဝန်းကျင်သည် မိုးဗြဲမြို့ရှိ စစ်ကောင်စီ ခမရ(၄၂၂)တပ်နှင့် ဝါရီဆူသဖလိုင်၊ မိုးဗြဲကုန်းသာတို့တွင် ဝင်ရောက်ပြီးနောက် အနီးဝန်းကျင်တို့ကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းကတော့ ဖယ်ခုံကို တချို့ရောက်တယ်ပြောတယ်။ အတိတကျတော့ မပြောနိုင်ဘူးပေါ့နော်။ လောလောဆယ် လက်နက်ကြီးနဲ့တော့ မနေ့ညကတော့ လွိုင်ကော်မြို့နယ်ထဲက နို့ကိုးရွာထဲကို ပစ်ခတ်တယ်။ နောက်ပြီး ဒီးမော့ဆိုမြို့နယ်ထဲက အသွားအလာများတဲ့ လမ်းမကြီးဘက်ကိုလည်း ပစ်ခတ်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ခမရ(၄၂၂)စစ်ကောင်စီတပ်သည်  လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းကြောင့် နိုဝင်ဘာလ (၈)ရက်နေ့တွင် နိုးကိုးစံပြကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ အရပ်သား (၆)ဦး ဒဏ်ရာရပြီး ကလေးတစ်ဦးအပါအဝင် (၃)ဦး သေဆုံးသည်ဟု သိရသည်။

“ထိတွေ့မှုတော့ လောလောဆယ်အထိတော့ မရှိသေးဘူး။ လက်တလောကတော့ မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး။ လူထုတွေလည်း တချို့တွေလည်း ရွှေ့နေကြပြီပေါ့နော်။”ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် ယမန်နေ့ ညပိုင်းက ဖယ်ခုံမြို့နယ်အရှေ့ဖက်ကမ်းရှိ ကာလရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်နှစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ကာလကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ည(၁၁)နာရီခွဲတွင် လေကြောင်းဖြင့် ဗုံး(၄)လုံး‌ ကြဲချတိုက်ခိုက်ခြင်းကြောင့် အသက်(၃၅)နှစ် ဝန်းကျင် စစ်ရှောင်အမျိုးသား တစ်ဦးနှင့် အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦးတို့ သေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။

“အရပ်သားနှစ်ဦးသေသွားတယ်။ ပညာရေးဝန်ထမ်း တစ်ဦးပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ကာလကျေးရွာသည် တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲ ပြည်သူများ စပါး‌၊‌‌ ပြောင်း၊ လယ် ခြံစသည့်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကာ လုပ်ကိုင်စားသောက်နေသည့် ကျေးရွာဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် ကားမကြီးတကြောကို နေရာပြန်ယူထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)