ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်ဆို့တိုက်ခိုက်ခံရ

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်ဆို့တိုက်ခိုက်ခံရ

မကွေးတိုင်း ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား (၂) ကြိမ် ပိတ်ဆို့ တိုက်ခိုက်ကြောင်း People's Defence Force-Yenangyaung(YNG-PDF) အဖွဲ့မှ ယနေ့  ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့တွင် ရေနံချောင်းမြို့နယ် ကုန်းအိုင်-ဖောင်းကွဲလမ်းမှ အင်အား (၇၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အောက်တိုဘာလ (၂၁) ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မကျည်းကန်အုပ်စု ရွှေကျင်ကန်ရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အလယ်ကုန်းရွာအနီးသို့ ထပ်မံချဉ်းကပ်လာရာ PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းများ ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာပြီး မကျည်းကန်ရွာတွင် (၁) ညအိပ်စခန်းချ၍ ရေနံချောင်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦး သေဆုံးပြီး ၊ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း People's Defence Force-Yenangyaung(YNG-PDF) အဖွဲ့က ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်စဉ် ရွှေကျင်ကန်ရွာမှ လက်ဝတ်ရတနာ တန်ဖိုးကြီးပစ္စည်းများ မွှေနှောက်ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား People's Defence Force -Yenangyaung (YNG-PDF) ၊ တမာမြေအထူးလှုပ်ရှားစစ်ကြောင်းနှင့် အက်တောတိုက်နယ် ပ-က-ဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: People's Defence Force -Yenangyaung (ပုံဟောင်း)