လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီး

လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ (၆)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၁)လုံး ပျက်စီးကြောင်း KNU ဗဟိုမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ် ခလရ (၂၆၄)တပ်ရင်းမှ ၁၂၂မမ (၃)လုံး ပစ်ခတ်ခဲ့ရာ ကော်သာစေးကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲပြီး ၊ နေ့လယ် (၁၁)နာရီ (၄၅)မိနစ်တွင် အဆိုပါ တပ်ရင်းမှ ၁၂၀ မမ (၂)လုံး ထပ်မံပစ်ခတ်ခဲ့ရာ လက်ခံကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့  ညနေ (၂)နာရီခွဲတွင် စစ်ကောင်စီတပ်များသည် ကွင်းချောင်းဝမှနေ၍  ၁၂၀ မမ (၁)လုံး ပစ်ခတ်ခဲ့ရာ  သောင်ပု(ကတို)တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်စရစ် အနောက်ဘက်တွင် နေထိုင်သည့် လှေမောင်းနေသည့် ဒေသခံတဦး ဗိုက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ (၃)နာရီ (၄၅)မိနစ်တွင် (၁၂၀) မမ (၁)လုံး ထပ်မံပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် စစ်ကောင်စီတပ် ခလရ (၂၆၄) တပ်ရင်းမှ ၁၂၂မမ (၈) လုံးပစ်ခတ်ခဲ့ရာ ကော်သာစေး ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် (၄၃၀,၁၆၁) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻