အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် စစ်အုပ်စုကိုယ်စားလှယ်ကို ဖယ်ထုတ်ရန် အရပ်ဖက် အဖွဲ့အစည်း (၈၀) မှ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ကြောင်း Defend Myanmar Democracy အဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီနည်းကျ ကိုယ်စားပြုခွင့်ကို ထောက်ခံအားပေးရန် တောင်းဆိုသည့်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်း (၈၀)က အာဆီယံအတွင်းဝန်များရုံး ၊ သက်ဆိုင်ရာ နိုင်ငံတကာနှင့် အဖွဲ့အစည်းများထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် လာအိုနိုင်ငံ၌ မကြာမီကျင်းပမည့် (၁၈)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နှင့် (၁၁)ကြိမ်မြောက် ADMM Plus နှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှုရရှိစေရန်နှင့် အဆိုပါအစည်းအဝေးများ၊ နောင်တွင်ကျင်းပမည့် ADMM နှင့် ADMM Plus အစည်းအဝေးများ၊ လှုပ်ရှားမှုများမှ မြန်မာစစ်အုပ်စုအဖွဲ့ဝင်များကို ဖယ်ရှားရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုသည်။
ADMM နှင့် ADMM Plus အတွင်း မြန်မာနိုင်ငံကိုယ်စား လက်ရှိရယူထားသည့် တရားဝင် ရာထူးတာဝန်များအားလုံးမှ စစ်အုပ်စုအဖွဲ့ဝင်များအား ဖယ်ရှားရန်နှင့် ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုများမှ မြန်မာစစ်တပ်အား ဖယ်ရှားခြင်းမပြုပါက မြန်မာစစ်တပ် ပါဝင်တက်ရောက်မည့် ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုအားလုံးသို့ တက်ရောက်ရန်ငြင်းဆိုမှုကို လူသိရှင်ကြားလုပ်ဆောင်ရန် အာဆီယံအဖွဲ့ဝင် အစိုးရများနှင့် ဆွေးနွေးဖက်မိတ်ဖက်နိုင်ငံ အစိုးရများအား တောင်းဆိုကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းကြိုးပမ်းမှုစတင်ပြီးနောက်ပိုင်း ADMM နှင့် ADMM Plus၏ လုပ်ငန်းဖွဲ့စည်းပုံများတွင် မြန်မာစစ်အုပ်စုက တရားဝင်ရာထူးတာဝန်များ ဆက်လက်ရရှိနေသည်ကို သိရှိရသည့်အတွက် စိတ်မကောင်းဖြစ်ရပြီး စစ်အုပ်စုကို အာဆီယံ လေတပ်ချုပ်များအစည်းအဝေးနှင့် အာဆီယံ ရေတပ်ချုပ်များ အစည်းအဝေး နှစ်ရပ်လုံးတွင် ဦးဆောင်ရန် ခွင့်ပြုပေးခဲ့ပြီး၊ စစ်အုပ်စုက အဆိုပါအစည်းအဝေးများကို မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတို့တွင် အသီးသီး လက်ခံကျင်းပခဲ့သည်ဟု သိရသည်။
ထို့အပြင် ADMM Plus၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်လုပ်ငန်းအဖွဲ့ကိုလည်း မြန်မာစစ်အုပ်စုနှင့် ရုရှားနိုင်ငံတို့က ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ၎င်းတို့သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လနှင့် စက်တင်ဘာလများအတွင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်မှုများကို လက်ခံကျင်းပခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက အသိပေးပြောဆိုသည်။
ထို့အပြင် ရုရှားနိုင်ငံ၌ ကျင်းပခဲ့သည့် လေ့ကျင့်မှုအတွင်း စစ်အုပ်စုကိုယ်စားလှယ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်တော် (PDF)တို့အပေါ် အသုံးပြုနိုင်သည့် စစ်ဆင်ရေးနည်းနာများကို ဗြောင်ကျကျ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အာဆီယံအနေဖြင့် စစ်အုပ်စုကိုယ်စားလှယ်များကို မြန်မာနိုင်ငံကိုယ်စားပြု၍ အစည်းအဝေးများတွင် တက်ရောက်ခွင့်၊ ADMM Plus စစ်ရေးသင်တန်းအစီအစဉ်များတွင် ပါဝင်ခွင့်၊ ဦးဆောင် ညှိနှိုင်းရေးအခန်းကဏ္ဍတွင် ဆောင်ရွက်ခွင့်များ ခွင့်ပြုပေးခြင်းသည် စစ်အုပ်စုကို မှားယွင်းသည့်တရားဝင်မှု ပေးအပ်ခြင်းဖြစ်ပြီး၊ မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုကို တိုက်ရိုက်ကူညီနေခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ရပ်တွင် ဖော်ပြထားသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ရမည့်အရာများကို လုပ်ဆောင်ခဲ့ခြင်းမရှိ သို့မဟုတ် တိုးတက်မှု တစုံတရာ မရှိခဲ့ဟု အရပ်ဖက် အဖွဲ့အစည်းများက ဆိုသည်။
ဆန့်ကျင်ဘက်အနေဖြင့် အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့သည့်နောက် ပြီးခဲ့သည့် သုံးနှစ်ခွဲကာအတွင်း စစ်တပ်သည် ပြည်သူပေါင်း (၅,၈၀၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ သတ်ဖြတ်ခံရသူများတွင် ကလေးသူငယ် (၆၀၀) ကျော် ပါဝင်ကာ ပြည်သူပေါင်း (၂၇,၅၀၀) ကျော်အား ဖမ်းဆီးခဲ့ပြီး၊ ပြည်သူပေါင်း (၂၁,၀၀၀) ကျော်သည် အကျဉ်းကျဆဲ ဖြစ်သည်ဟု ဆိုသည်။
စစ်တပ်သည် အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများ၊ အဆင်အခြင်မဲ့ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး အမြှောက်များဖြင့် ပစ်ခတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မဖြစ်တည်မှုဆိုင်ရာအကြမ်းဖက်မှုများ၊ အစုလိုက်အပြုံလိုက် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြောင်းကိုလည်း အသိပေးပြောဆိုသည်။
နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆောင်ရွက်သည့်အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ အဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံးအတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (EROs) များကို အဓိက Stakeholder များအဖြစ်လည်းကောင်း အသိအမှတ်ပြုရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုသည်။
အာဆီယံအစည်းအဝေးများအပါအဝင် နိုင်ငံတကာ ကဏ္ဍအားလုံးတွင် မြန်မာပြည်သူများအတွက် သင့်လျော်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ကိုယ်စားလှယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖြစ်ပြီး အကယ်၍ ၎င်းတို့နှင့် ဆက်ဆံရေး မတည်ဆောက်ရသေးပါက အာဆီယံနှင့် နိုင်ငံတကာအနေဖြင့် ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်းကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
အာဆီယံနှင့် သက်ဆိုင်ရာနိုင်ငံများ ၊ အဖွဲ့အစည်းများ၏ တုန့်ပြန်မှုကို စောင့်မျှော်လျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များသည် မြန်မာပြည်သူလူထုကို ထောက်ခံခြင်းလား သို့မဟုတ် ရက်စက်ပြီး တရားမဝင်သော စစ်အုပ်စုကို ထောက်ခံခြင်းလား ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အရပ်ဖက် အဖွဲ့အစည်း (၈၀)က တိုက်တွန်းပြောဆိုလိုက်သည်။
#TachileikNewsAgency
Photo:Defend Myanmar Democracy