ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ကောင်းဟော် ကချင်ရွာအုပ်စုကို စစ်ကောင်စီတပ်က၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ ညပိုင်းက ဗုံး(၄)လုံး ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဗုံးကြဲချခြင်းကြောင့် နေအိမ်အများအပြား ပျက်စီးပြီး လမ်းများလည်း ပျက်စီးသွားကာ ဒေသခံ(၆)ဦး ဒဏ်ရာရကာ (၄)ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
လေကြောင်းဗုံးကြဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသမှုစရိတ်မှန်သမျှ ဆေးရုံကြီးက အခမဲ့ ကုသပေးနေသည်ဟု သိရသည်။
စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေကျေးရွာ၊ ရပ်ကွက်များအပေါ် နေ့စဉ်လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သားများ စိုးရိမ်ထိတ်လန့်နေရသည်ဟုလည်း သိရသည်။
ယမန်နေ့တွင်ပင် စစ်ကောင်စီသည် လားရှိုးမြို့ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို ဗုံး(၅)လုံး ကြဲချတိုက်ခိုက်သွားသေးသည်။
ပေါက်ကွဲမှုကြောင့် ရွှေမြင်းနှစ်ကောင်စက်ရုံအဆောက်အအုံအပါအဝင် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆိုင်ကယ်စီးနှင်းလာသူ ပြည်သူတစ်ဦး ဗုံးစထိမှန်သေဆုံးကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်မှာ ဩဂုတ်လမှ ယနေ့ထိ အကြိမ်ရေ (၃၀)နီးပါး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Nay Wai Soe