ဒိုက်ဦးအကျဉ်းထောင်တွင်း၌ ဆေးဝါးကုခွင့်မရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး ထပ်မံသေဆုံး

ဒိုက်ဦးအကျဉ်းထောင်တွင်း၌ ဆေးဝါးကုခွင့်မရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး ထပ်မံသေဆုံး

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင်း၌ ဆေးဝါးကုသမှုမခံရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး ၂၀၂၄ ခုနှစ် မေလ (၈)ရက်နေ့က သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

ပြင်ပဆေးရုံတွင် အရေးပေါ် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသည့် အသက်(၃၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း (ခ)လယ်ဝေး (ဘ)ဦးစိုးမြင့်သည် မေလ(၈)ရက်နေ့ ည(၈)နာရီအချိန်ခန့်တွင် အကျဉ်းထောင်ပြင်ပ၌ သေဆုံးသွားကြောင်း သိရသည်။

ကိုလင်းလင်းထွန်းသည် ဖမ်းဆီးခံရပြီး‌နောက် စစ်ကြောရေးမှ ရရှိခဲ့သည့် ပြင်းထန်ဒဏ်ရာများကြောင့် ဒိုက်ဦးအကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုရရှိရန် မကြာခဏ တောင်းခံခဲ့သော်လည်း လုံလောက်သောဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့ကြောင်း သိရသည်။

မေလ (၇)ရက်နေ့တွင် ကိုလင်းလင်းထွန်း၏ ကျန်းမာရေးအခြေအနေ အရေးပေါ်ဖြစ်ချိန်တွင် အကျဉ်းထောင်အာဏာပိုင်များက အချိန်နှင့်တပြေးညီ ထောင်ပြင်ပဆေးရုံသို့‌ ပို့ဆောင်ပေးခြင်းမရှိခဲ့ဘဲ အသက်သေဆုံးခါနီး အချိန်ရောက်မှသာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ကြသည့်အတွက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အသက်(၃၂)နှစ်အရွယ် ကိုလင်းလင်းထွန်းသည် ၅၀(ည)ဖြင့် ထောင်ဒဏ်(၁၀)နှစ် အမိန့်ချခံထားရသည့် လယ်ဝေးမြို့ ဒေသခံတဦးဖြစ်ကြောင်း သိရသည်။  

ဒိုက်ဦးအကျဉ်းထောင်အတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါလ(၈)ရက်နေ့မှ မေလ(၈)ရက်နေ့အထိ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ သေဆုံးသူ နိုင်ငံရေးအကျဉ်းသား (၃)ဦးအထိ ရှိကြောင်း သိရသည်။

၎င်းတို့မှာ ပုဒ်မ၅၀၅(က)/၁၄၂ ဖြင့် ထောင်ဒဏ်(၈)နှစ်အမိန့်ချမှတ်ခံထားရသူ အသက်(၆၈)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးအေး‌ဝင်းသည် ဖေဖော်ဝါရီလ(၉)ရက်နေ့နှင့် ပုဒ်မ ၅၀၅/ ၅၂(က)/ ၅၀(ည)တို့ဖြင့် ထောင်ဒဏ်(၁၄)နှစ်အမိန့်ချမှတ်ခံထားရသူ အသက်(၆၄)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးခင်စိုးသည် မတ်လ(၆)ရက်နေ့တို့တွင် ကျဆုံးခဲ့သည်။

#TachileikNewsAgency