ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ဒရုန်း Jammer များကို တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။
စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ဒရုန်း Jammer များကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့ ည (၁၂) နာရီကျော်တွင် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒရုန်း Jammer များကို ဖျက်ဆီးရန် သွားရောက်စဉ် စစ်ကောင်စီ၏ ရှေ့ကင်းပွိုင့်နှင့်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီမှ ဒိုးတန်းရွာလယ်ပိုင်းမှတစ်ဆင့် ဘုန်းကြီးကျောင်းဘက်သို့ ဆုတ်ခွာသွားပြီး တော်လှန်ရေးအင်အားစုများရှိရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံတဦး ဦးခေါင်းထိမှန် သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက ဆိုသည်။
ထို့နောက် စစ်ကောင်စီတပ်၏ ဒရုန်း Jammer များကို တော်လှန်ရေးအင်အားစုများမှ ဖျက်ဆီးနိုင်ခဲ့ပြီး ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၉)ရက်နေ့ကလည်း ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့နောက် ပုဝါနီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
#TachileikNewsAgency
Photo: ပုဝါနီစစ်ကြောင်း (ပုံဟောင်း)