အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကြံ့ဖွံ့ရုံးနှင့် စစ်ကောင်စီ တပ်သားစုဆောင်းရေးရုံးတို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် ဗုံးကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက်(၄)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဗုံးကြဲချသွားခြင်းဖြစ်ပြီး ကြံ့ဖွံ့ ရုံးနှင့် စစ်ကောင်စီတပ်သားစုဆောင်းရေးရုံးတို့ အပျက်အစီးများကြောင်း သိရသည်။
“AA က မြို့သိမ်းလိုက်တော့ တိုက်ပွဲကာလမှာ ဖုန်းလိုင်းတွေပြတ်တောက်နေလို့ အတိတကျတော့ မသိရသေးဘူး။ ဗုံးကြဲခံရတာတော့ သိတယ်။”ဟု သံတွဲမြို့အနီး တိမ်းရှောင် နေရသည့် ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီလော်ဘီများကမူ ယနေ့နံနက်ပိုင်တွက် ကျိန္တလီဘက်သို့ စစ်ကူပို့ရန်အတွက် AA တပ်ဖွဲ့ဝင်များ စုစည်းရောက်ရှိနေသည့် ကြံ့ခိုင်ရေးရုံးနှင့် ယခင် တပ်သားသစ်စုဆောင်းရေးရုံးတို့ကို လေကြောင်းမှ ဗုံးကြဲချကြောင်း ရေးသားထားသည်။
“ကြံ့ခိုင်ရေးရုံးရဲ့ အရှေ့မှာ အခုနောက်ပိုင်း ဈေးရောင်းနေကြတယ်။ ဖုန်းလိုင်းတွေက ပြတ်နေတော့ မြို့တွင်းကို ဖုန်းဆက်မရဘူးဖြစ်နေတယ်။ အဲဒီနားက မနက်ခင်းဈေးဆိုတော့ လူစည်ကားတဲ့နေရာ။”ဟု သံတွဲမြို့မှ တိမ်းရှောင်နေသူတစ်ဦးက ဆက်ပြောသည်။
ကြံဖွံရုံးနှင့် စစ်သားစုဆောင်းရေးရုံးတို့မှာ သံတွဲမြို့ အံတော်ရပ်ကွက် အံတော်တံဆင်းအဆင်း မြို့ဘောလုံးကွင်းအနီးတွင်ရှိကာ အဆိုပါရုံးများအနီးတွင်လည်း မနက်ဈေးရှိသဖြင့် လူထိခိုက်မှု ရှိ၊ မရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။
#TachileikNewsAgency
Photo: CJ