ဆိုင်ကလုန်းမုန်တိုင်း ဒါနာ ဟိုင်းကြီးကျွန်းဘက်ရွေ့လာ

ဆိုင်ကလုန်းမုန်တိုင်း ဒါနာ ဟိုင်းကြီးကျွန်းဘက်ရွေ့လာ
အောက်တိုဘာ 23, 2024 | အခြားဒေသများ

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ဒါနာ (DANA) သည် မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းသည် ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက်ကို ရေမိုင်(၂၇၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ဆိုသည်။

ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကရင်နီပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်ဟု သိရသည်။

မကွေးတိုင်းတွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency