ဘူးသီးတောင်တွင် ARSA တပ်စခန်းအချို့ကို AA သိမ်းပိုက်ရရှိ

ဘူးသီးတောင်တွင် ARSA တပ်စခန်းအချို့ကို AA သိမ်းပိုက်ရရှိ
By Tachileik News Agency

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်း စခန်း (၄)ခုကို လက်လွှတ်ပြီး ထွက်ပြေးလာသည့် ARSA အဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် AA တို့ မောင်တောတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ ခရိုချောင်းကျေးရွာအနီး တောင်တန်းတွင် အောက်တိုဘာလ (၁၉)ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ARSA အဖွဲ့များ အခိုင်အမာစခန်းချထားသည့် နေရာ (၄)နေရာကို သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းနေရာများတွင် ARSA အဖွဲ့ဝင် အလောင်းများအပြင် စစ်ကောင်စီတပ်က ပံ့ပိုးထားသည့်လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရမိသည်ဟု AA ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

ARSA အဖွဲ့အပြင်၊ RSO ၊ ARA နှင့် စစ်ကောင်စီတပ်က သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်အချို့တို့သည် ရခိုင်ပြည်နယ်တွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အခြေစိုက်ပြီး အနီးဝန်းကျင်ရှိ ပြည်သူများကို ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် အကြမ်းဖက် သတ်ဖြတ်ခြင်းများ လုပ်သည့်အပြင် ရံဖန်ရံခါ စစ်ကောင်စီတပ်နှင့် ပူးတွဲစစ်ရေးလှုပ်ရှားကာ အာရက္ခတပ်တော်ကို တိုက်ခိုက်မှုများရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

ယင်းအပြင် မောင်တော၊ အမ်း၊ ကျိန္တလီမြို့ပတ်ဝန်းကျင်တို့၌ စစ်ကောင်စီတပ်နှင့် AA တို့ နေ့စဉ်နီးပါးတိုက်ပွဲများဖြစ်ပွားနေပြီး တောင်ကုတ်တွင်လည်း တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် တပ်စခန်းများ၊ ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်သင်္ဘောကြီးများမှ နေ၍ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့၊ ကျိန္တလီ၊ ကမ်းသာယာမြို့များဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကိုလည်း နေ့စဉ်လုပ်ဆောင်နေကြောင်း သိရသည်။