စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ အရပ်သားများကို သတ်ဖြတ်

စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ အရပ်သားများကို သတ်ဖြတ်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့မှ (၁၉)ရက်နေ့အထိ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံလူငယ်အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၂)ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် အောက်တိုဘာ(၁၆)ရက်နေ့ နေ့လယ်ပိုင်းတွင် နေအိမ်မှ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသည့် အသက်(၃၅)နှစ်အရွယ် ကဒက်ငယ်ထိန်ရွာခံ ကိုမင်းအောင်(ခ)ကိုကန်းကန်းကို စစ်ကောင်စီတပ်က အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာကြားတွင် ပစ်သတ်ကြောင်း သိရသည်။ 

ယင်းနေ့ ညနေပိုင်းတွင်ပင် ကျန်းမာရေးမကောင်းသဖြင့် အိပ်ယာထဲလဲနေသည့် ကဒက်ငယ်ထိန်ရွာခံ အသက်(၇၃)နှစ်အရွယ် ဒေါ်ခင်မြင့်(ခ)ဒေါ်မငယ်သည်လည်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်မှာရှိနေစဥ် ကျည်ဆန်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။ 

နှလုံးရောဂါအခံရှိသည့် အောက်ရေဖြူရွာခံ အသက် (၅၀)နှစ်ဝန်းကျင်အရွယ် ဒေါ်သက်သက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သံများကို ကြောက်ရွံ့ထိတ်လန့်ကာ အောက်တိုဘာလ (၁၆)ရက်နေ့တွင် နှလုံးဖောက် သေဆုံးသွားသည်ဟု သိရသည်။ 

အောက်တိုဘာလ (၁၆)ရက်နေ့တွင်ပင် အောက်ရေဖြူရွာရှိ နေအိမ်အနီး ဖမ်းဆီးခံခဲ့ရသည့် အသက် (၂၅)နှစ်အရွယ် ကိုမင်းကိုကိုလည်း သတ်ဖြတ်ခံခဲ့ရပြီး ၎င်း၏ ရုပ်အလောင်းကို အောက်တိုဘာလ(၂၁) ရက်နေ့တွင် ညင်းမော်ရွာ၌ တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ကိုမင်းကိုကိုနှင့်အတူ အမည်မဖော်နိုင်သေးသည့် အခြားလူငယ်တဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ရပြီး နှစ်ဦးစလုံး လည်ပင်းလှီးဖြတ်ခံရကာ သတ်ဖြတ်ခံထားရသည်ဟု သိရသည်။ 

စစ်ကောင်စီတပ် ထောက်ခံသည့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် အောက်ရေဖြူရွာအနီး အောက်တိုဘာ(၁၆)ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် နယ်မြေရှင်းလင်းစဥ် လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းတွေကို သိမ်းဆည်းရမိခဲ့သည်ဟု ဝါဒဖြန့်ရေးသားနေသည်ကို တွေ့ရသည်။

#TachileikNewsAgency