လောက်ကိုင်၊ နမ့်ဟူးမြို့နယ်နှင့် လားရှိုးမြို့တို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်

လောက်ကိုင်၊ နမ့်ဟူးမြို့နယ်နှင့် လားရှိုးမြို့တို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ နမ့်ဟူးမြို့နယ်နှင့် လားရှိုးမြို့တို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်မှုရှိပြီး အဆောက်အဦးများ ပျက်စီးသွားကြောင်း MNDAA က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၉)ရက်နှင့် (၂၀)ရက်နေ့တို့တွင် လောက်ကိုင်နှင့် နမ့်ဟူးမြို့နယ်တို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သွားပြီးနောက် ယနေ့ အောက်တိုဘာလ (၂၂)ရက်နေ့တွင် လားရှိုးမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် လားရှိုးမြို့ မန်ဆူဘုရားအနီးရှိ ရပ်ကွက်(၁၂)ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သား(၃)ဦး ဒဏ်ရာရကာ ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးထားရသည့်အပြင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် အနီးတစ်ဝိုက်ရှိ လူနေအိမ်အများအပြားလည်း ပျက်စီးသွားသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် လောက်ကိုင်မြို့ သိန္နီခရိုင်နှင့် လားရှိုးမြို့ စသည့်ဒေသများကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သည့် (၃)လကျော်ကာလအတွင်း အရပ်သားထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူအရေအတွက်မှာ (၁၀၀)ဦး ကျော်ရှိသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် အရပ်သားများနေထိုင်ရာဒေသများ၊ ဈေးများနှင့် အခြေခံအသက်မွေးဝမ်းကျောင်း အဆောက်အအုံများဖြစ်သည့် ကျောင်း၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: 果敢资讯网