ပင်လယ်ဘူးမြို့ကို တော်လှန်ရေးတပ်များသိမ်းပြီ

ပင်လယ်ဘူးမြို့ကို တော်လှန်ရေးတပ်များသိမ်းပြီ

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့ကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးနှင့်နီးစပ်သူများထံမှ သိရသည်။

ပင်လည်ဘူးမြို့တွင် ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေတပ်အားကိုးဖြင့် ခုခံတိုက်ခိုက်နေရာက ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များကို စခန်းစွန့်ခွာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပင်လည်ဘူးမှာရှိတဲ့ စကစတွေက စခန်းစွန့်ထွက်ပြေးတယ်လို့သိရပါတယ်။ နောက်ဆုံးခံတပ်ရဲစခန်းအပါအဝင် စကစတွေ နေရာယူထားတဲ့ဆီက နေရပ်စွန့်ခွာခွင့်ပေးလိုက်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေက မြို့ကိုအပြီးသိမ်းလိုက်တာပါ။”ဟု စစ်ရေးနှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပင်လယ်ဘူးမြို့ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ်အင်အားဖြည့်တင်းခဲ့ပြီး တိုက်လေယာဉ်၊ Mi-35၊ Y-12 တို့ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်ကြားက စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက သိမ်းပိုက်နေခြင်းဖြစ်သည့်အပြင် ဒုတိယဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်မှူးနှစ်ဦးတို့အပါ အင်အား(၈၀)ဝန်းကျင်လည်း လက်နက်ချအညံ့ခံခဲ့ကြသည်။

“လက်နက်ခဲယမ်းနဲ့ စကစတပ်သားထပ်ဖမ်းမိတာ မရှိပါဘူး။ ပြေးလမ်းဖွင့်ပေးလိုက်တယ်လို့သိရပါတယ်။ ဖွင့်တယ်ဆိုတာထက် ကြည့်ရတာ ညှိနှိုင်းကြပုံရပါတယ်။ စကစ အင်အားကလဲ (၄၀၀)ကျော်၊ (၅၀၀)နီးပါး ရှိသေးတယ်ဆိုတော့ တိုက်ခိုက်ဖို့ နှစ်ဘက်အထိနာနိုင်ကြတယ်ထင်ပါတယ်။”ဟု ၎င်းက ဆက်ပြောသည်။ 

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီတပ်က ကန့်ဘလူ ၆၀၀၆ အမြောက်တပ်နှင့် ဝန်းသို ခမရ(၁၂၀)တို့မှလည်း အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းပေးခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးတပ်များသည် ပင်လယ်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ကျောက်တိုင်ကုန်း၊ ဘုရားကုန်း၊ မိုးဆုတောင်းဘုရား၊ ရုပ်သံကုန်း စသည့် စစ်ကောင်စီတပ် ခံစစ်နေရာများကို သိမ်းပိုက်ထားခဲ့ပြီး တစ်ခုတည်းသောကျန်ရစ်သည့် ရဲစခန်းနှင့် စစ်ကူလမ်းကြောင်းတို့ကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေခြင်းကြောင့် တစ်လကျော်ကြာမြင့်သွားခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency