စစ်ကောင်စီအနေဖြင့် နိုင်ငံတဝှမ်း ပြည်သူများအပေါ် ဓါတုလက်နက်များ ကျယ်ပြန့်စွာ အသုံးမပြုလာမီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရန်လိုကြောင်း ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း တိုက်တွန်း

စစ်ကောင်စီအနေဖြင့် နိုင်ငံတဝှမ်း ပြည်သူများအပေါ် ဓါတုလက်နက်များ ကျယ်ပြန့်စွာ အသုံးမပြုလာမီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရန်လိုကြောင်း ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း တိုက်တွန်း
အောက်တိုဘာ 24, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီအနေဖြင့် နိုင်ငံတဝှမ်း ပြည်သူများအပေါ် ဓာတုလက်နက်များ ကျယ်ပြန့်စွာ အသုံးမပြုလာမီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရန်လိုကြောင်း (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်မတီ၏ အခြားအဖျက်စွမ်းအားပြင်းလက်နက်များ ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံသည် ဓာတုလက်နက်နှင့် ဇီဝလက်နက်များ အလုံးစုံပပျောက်ရေးဆိုင်ရာ ကတိကဝတ်များ လိုက်နာရေးကို ထပ်လောင်းအတည်ပြုကြောင်းနှင့် ယင်းလက်နက်များအား မည်သည့်နေရာ၌မဆို အသုံးပြုသူ မည်သူမဆို ခြွင်းချက်မရှိ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး နိုင်ငံတကာ လုံခြုံရေး မတည်ငြိမ်မှု အခြေအနေများ ဖြစ်ပေါ်နေသည့်အချိန်တွင် သိပ္ပံနှင့်နည်းပညာ တိုးတက်လာမှုများက အဆိပ်ဖြစ်စေပြီးသေစေနိုင်သော ဓာတုပစ္စည်းများ ရရှိနိုင်မှု၊ သုတေသနပြုမှု မဖြစ်စေရန် ဟန့်တားနိုင်မှုများကို လျော့ကျလာစေကြောင်း သံအမတ်ကြီးက ဆိုသည်။

သို့ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများ အားလုံးမှ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (CWC) နှင့် ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (BWC) ပါ အချက်များကို အပြည့်အဝ လိုက်နာရမည်ဖြစ်ကြောင်းနှင့် အဆိုပါစာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသော နိုင်ငံများအား အမြန်ဆုံး အတည်ပြုလက်မှတ်ရေးထိုးကြရန် တိုက်တွန်းသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်းက ဓာတုလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (CWC) အောက်မှ ဓာတုလက်နက်များ စိစစ်ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သော်လည်း လွန်ခဲ့သောနှစ်များအတွင်းက အချို့သောဒေသများတွင် ဓာတုလက်နက်များအသုံးပြုမှုများကို လျစ်လျူရှု၍မရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

 

ပြည်တွင်းစစ်ပွဲများ အပါအဝင် မည်သည့်ဓာတုလက်နက်မျိုးမဆို မည်သူမျှ အသုံးချမှု မပြုရေး သေချာစေရန် (CWC) ၏ စိစစ်ရေးလုပ်ငန်းများကို မြှင့်တင်ရန် လိုအပ်ကြောင်းနှင့် အဆိုပါစာချုပ်များ၏ စတုတ္တနှင့် ပဉ္စမကြိမ်မြောက် ညီလာခံများတွင် တူညီ ဆန္ဒရလဒ် မရခဲ့ခြင်းအပေါ် များစွာ စိတ်မကောင်းဖြစ်ရပြီး (CWC)တွင် တားမြစ်ထားခြင်းမရှိဘဲ ဓါတုလက်နက်များ ငြိမ်းချမ်းစွာအသုံးပြုရေးတွင် နိုင်ငံတကာပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရန် လိုအပ်နေသည်ဟု ဆိုသည်။

ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (BWC) နှင့် ပတ်သက်၍၊ သေချာစိစစ်နိုင်သည့် ယန္တရား မရှိခြင်းသည် ယင်းစာချုပ်၏ ထိရောက်မှုရှိမှုအပေါ် ကြီးမားသောစိန်ခေါ်မှု တစ်ရပ်ဖြစ်နေသော်လည်း စာချုပ်ခိုင်မာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဆွေးနွေးလုပ်ဆောင်မှုများသည် စာချုပ်၏ အဆိုပါ ကွာဟနေမှုများကို ထိရောက်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း သံအမတ်ကြီးက ဆိုသည်။

ကပ်ဆိုးများနှင့် ရင်ဆိုင်နေရသော အချိန်တွင် စာချုပ်၏ အာတီကယ် (၁၀)အရ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး နှင့် အကူအညီပေးမှုကို ထိရောက်စွာ အပြည့်အဝ အကောင်အထည်ဖော်မှုသည် အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် အလွန်အရေးကြီးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ မြန်မာစစ်တပ်သည် ဓာတုလက်နက် ထုတ်လုပ်မှု အစီအစဉ် နှင့် ယင်းကို ထုတ်ဖော်ကြေညာခြင်း မရှိခဲ့သည့် စာချုပ်ပါအချက်ကို လိုက်နာခြင်း မရှိခဲ့သည့်ကိစ္စကို ယခုထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအား ပြောဆိုသည်။

၁၉၈၀ ခုနှစ်များအတွင်းက စစ်တပ်မှ မြန်မာနိုင်ငံ အလယ်တောင်ပိုင်းရှိ ထုံးဘိုအနီးတွင် နောက်ဆက်တွဲ (၁) ဓာတုပစ္စည်းဖြစ်သော ဆာလဖာဓာတုပစ္စည်း (Sulfur Mustard) များ ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်မှု လုပ်ဆောင်ခဲ့ပြီး အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရွေးချယ်ခံ အရပ်သားအစိုးရ အနေဖြင့် စစ်တပ်မှ တရားမဝင် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် မတိုင်မီ တစ်နှစ် အလိုခန့်ကသာ သိရှိခဲ့ရသည်ဟု ဆိုသည်။

ယင်းကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရေးအတွက် စစ်တပ်က ငြင်းဆန်ခဲ့ပြီး ဤသို့ဖြစ်ခြင်းကြောင့် စာချုပ်အဖွဲ့ဝင်မြန်မာနိုင်ငံသည် စာချုပ်၏ အာတီကယ် ၁၊  အပိုဒ် (က)၊  ၂ နှင့် ၄ နှင့် အာတီကယ် ၃၊ စာပိုဒ် ၁ ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများဖြစ်ပွားရာဒေသများတွင် စစ်တပ်သည် ဓာတုပစ္စည်းများ အသုံးပြုမှုကြောင့် ထိခိုက်ခံရသည့်သူများတွင် ဒဏ်ရာရရှိမှု၊ ယာယီ မသန်စွမ်းဖြစ်မှု၊ အာရုံ ဝေဝါးမှု ခံစားကြရသည်ကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်း သက်သေ အထောက်အထားများ ရှိပြီး စစ်ကောင်စီ၏ သဘောသဘာဝကို သိရှိပြီးဖြစ်သည့်အတိုင်း ၎င်းတို့အနေဖြင့် စာချုပ်ပါအချက်များ လိုက်နာခြင်း မရှိသည့်ကိစ္စမှာ မိမိတို့အားလုံးအတွက် အရေးကြီးကာ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် အလေထား အရေးယူဆောင်ရွက်ဖို့လိုကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတဝှမ်း ပြည်သူများအပေါ် ဓာတုလက်နက်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုလာမီ၊ ကြိုတင်ကာကွယ်မှုများကို မိမိတို့ အနေဖြင့် ဆောင်ရွက်ရန်လိုပြီး ဓာတုလက်နက်အသုံးပြုမှု ပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ်အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ကောင်စီ၏ ဓာတုလက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထားများကို သေချာစွာ စိစစ်၍ အချိန်နှင့် တစ်ပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းသည်ဟု ဆိုသည်။

ပြည်သူများ၏ အသက်များ နှင့် အနာဂတ်ကို ကယ်တင်ပေးနိုင်ရန် စစ်ကောင်စီထံသို့ လက်နက်၊ တိုက်လေယာဉ်လောင်စာဆီ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများ (dual-use items)နှင့် ဆက်စပ်နည်းပညာများ မရောက်ရှိရေးအတွက် ထိရောက်သော အရေးယူ ဆောင်ရွက်မှု များပြုလုပ်ရန် လိုအပ်ကြောင်းကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအား တိုက်တွန်းအသိပေးပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo:Permanent Mission of Myanmar to the United Nations