မတ္တရာမြို့နယ်တွင် လေကြောင်းမှဗုံးကြဲခံရကာ ကလေးတစ်ဦးသေဆုံး နေအိမ်နှစ်လုံးပျက်စီး

မတ္တရာမြို့နယ်တွင် လေကြောင်းမှဗုံးကြဲခံရကာ ကလေးတစ်ဦးသေဆုံး နေအိမ်နှစ်လုံးပျက်စီး

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်း အုတ်ဖိုလေးရွာသစ်အနီးကို ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ နေအိမ်နှစ်လုံးပျက်စီးပြီး ကလေးတစ်ဦးသေဆုံးကြောင်း သိရသည်။

စစ်ကောင်စီသည် အုတ်ဖိုလေးရွာကို လေကြောင်းမှ (၂)ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တိုက်ခိုက်မှုတွင် နေအိမ်(၂)လုံး ပျက်စီးကာ ကလေးငယ်တစ်ဦး သေဆုံးသည်ဟု ဒေသခံများက ဆိုသည်။ 

"တိုက်ပွဲမရှိဘဲ ဗုံးကြဲချတာ။ ဒေသခံတွေလည်း ပြေားရတာပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၇)ရက်နေ့ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ရုံပင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ  အမျိုးသမီးတစ်ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းနေ့တွင်ပင် မတ္တရာမြို့နယ်၊ ကင်းရွာနှင့် အောင်ကံသာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ရာ အရပ်သား (၂)ဦး သေဆုံးခဲ့သည်။

NUG လက်အောက်ခံ မန္တလေးတိုင်း PDF သည် ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း (၃၀)ဝန်းကျင်ကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency