တပ်ရင်းလိုက်ချေမှုန်းခံရသဖြင့် စစ်ကောင်စီတပ်သည် ဘုတလင်နယ်ကို အငြိုးအတေးထားကာ ပြည်သူများကို ရက်စက်စွာသတ်ဖြတ်

တပ်ရင်းလိုက်ချေမှုန်းခံရသဖြင့် စစ်ကောင်စီတပ်သည် ဘုတလင်နယ်ကို အငြိုးအတေးထားကာ ပြည်သူများကို ရက်စက်စွာသတ်ဖြတ်

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သည် မုံရွာမြို့ရှိ စစ်ကောင်စီအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် (၂၁)မိုင် ဝန်းကျင်သာဝေးပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးကာ အရပ်သားများအား အငြိုးတကြီး ရက်စက်စွာ အပိုင်းပိုင်းဖြတ်တောက်သတ်ဖြတ်သွားရာ အရပ်ဒေသဖြစ်သည်။

Miss တစ်ဦး၏ မျက်ရည်ခံထိုးခြင်းကို ဝိုင်းဝန်းသနားနေသူများကို တိုင်းပြည်နာရေးကျနေချိန်ဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြည်သူများက ဖော်ပြနေသည့် အနိဌာရုံပုံများမှာ အောက်တိုဘာလ (၁၇)ရက်နေ့က ဘုတလင်မြို့နယ် စီပါကျေးရွာမှ ဒေသခံ(၆)ဦးအား စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်သွားသည့် ပုံများပင်ဖြစ်သည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ဘုတလင်မြို့နယ် ကူတော်ရွာရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော စစ်ကောင်စီတပ်မှ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ (၂၂၉)၊ နမခတိုင်း လက်အောက်ခံ ပူးပေါင်းအင်အား (၈၅)ဦးပါ စစ်ကြောင်းအား စီပါရွာ‌အနောက်တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၃)ဦးသေဆုံးပြီး ဗိုလ်ကြီး(၂)ဦးပါ စစ်သုံ့ပန်း (၄၃)ဦး လက်နက်ချ အညံ့ခံကာ လက်နက်မျိုးစုံ (၅၆)လက်နှင့် ခဲယမ်းမီးကျောက်များကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည့်ဖြစ်စဉ်ကြောင့် စီပါကျေးရွာအပါ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က အငြိုးအတေးထားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်များသည် ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးကာ သတ်ဖြတ်ခြင်းကြောင့် အောက်တိုဘာလအတွင်း အရပ်သား (၂၃)ဦးအထိ သေဆုံးရပြီး ပြည်သူသောင်းချီကာ ထွက်ပြေးနေကြရသည်။

“ဘုတလင်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းတစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာလ (၃၀)ရက်နေ့မှာ စပါးခင်း ငန်းသတ်ရိတ်သလို အပြောင်ရှင်းခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ ဘုတလင်နယ်မှာ အခုလိုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။”ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ဘုတလင်မြို့ နယ်မှ မခင်ဝတီ က Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များလက်အောက်တွင် စစ်ကြောင်းတစ်ကြောင်းလုံး ချေမှုန်းခံလိုက်ရပြီးနောက် အောက်တိုဘာ (၄)ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်အား (၁၀၀)ဝန်းကျင်ပါ စစ်ကြောင်းကို စေလွှတ်ပြီး ဘုတလင်မြို့နယ်ဘက်ကို စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် မုံရွာ နမခ တိုင်းစစ်ဌာနချုပ်မှတဆင့် ဘုတလင်မြို့နယ်အတွင်းရှိ ကံသစ်၊ တရော်တော၊ အုတ်ကျင်းယုန်လှေးကုန်း၊ သီးပင်အိုင် စသည့်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သားများကို ဖမ်းဆီးရိုက်နှက်ခြင်းများအား အငြိုးတကြီး စတင်ပြုလုပ်လာကြသည်ဟု ဆိုသည်။

“အောက်တိုဘာလ ပထမအပတ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဟာ ဘုတလင်မြိုနယ် တောင်ဘက်အခြမ်း ကျေးရွာတွေဖြစ်ပါတယ်။ ဘုတလင်မြို့နယ် တောင်ဘက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ စီးနင်းဝင်ရောက်ချိန်မှာ တရော်တောကျေးရွာက ပြည်သူ(၂)ဦး၊ အုတ်ကျင်းရွာက ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး သီးပင်အိုင်ကျေးရွာက အပြစ်မဲ့ပြည်သူအမျိုးသမီးငယ်တွေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။”ဟု ၎င်း ကဆက်ပြောသည်။

အောက်တိုဘာလ (၁၀)ရက်နေ့တွင် နမခ တိုင်းစစ်ဌာနချုပ်မှထွက်လာသည့် အဆိုပါစစ်ကြောင်းသည် ဘုတလင် မြို့ကိုရောက်လာပြီးနောက် မြို့ပေါ်တွင် လိုအပ်သည်များကိုယူ၍ အောက်တိုဘာလ (၁၁)ရက်နေ့ ညပိုင်းကစတင်ကာ လူမဆန်သည့် လုပ်ရပ်များကို လုပ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာလ (၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့တို့တွင် ဘုတလင်မြို့ ဗန္ဓုလရပ်ကွက် ကွပ်သစ် မုံရွာ-ရေဦးလမ်းနှင့် သဖန်းလမ်းဆုံရှိ ကုန်စုံဆိုင်တစ်ခုမှ အသက်မပြည့်သေးတဲ့ ကလေးငယ်များအပါအ၀င် မိသားစု၀င်(၆)ဦးကို  တံခါးမဖွင့်ပေး၍ဟုဆိုကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်ဟု သိရသည်။

“အဲ့ဒီညမှာပဲ ဘုတလင်မြို့ပေါ်က အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံခဲ့ရပြီး ဘုတလင်မြို့ရဲ့ မြောက်ဘက် ကပ်လျက်က မြောက်ကျီရွာက ပြည်သူ(၇)ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။”ဟု မခင်ဝတီက ဆိုသည်။

ထို့နောက် အောက်တိုဘာလ(၁၄)၊ (၁၅)နှင့် (၁၆)ရက်တို့တွင် ဘုတလင်မြို့နယ် မြောက်ကျီကျေးရွာအတွင်း စစ်ကောင်စီတပ်များသည် စိတ်ကြိုက်နေထိုင်ကာ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ကြပြီးနောက် တက်လှိုင်းကျေးရွာကို ဓားစားခံပြည်သူများနှင့်အတူ ၀င်ရောက်ကြသည်ဟု သိရသည်။

တက်လှိုင်းကျေးရွာမှတဆင့် ပဲပြစ်တောဘက်သို့ ထွက်ခဲ့ကြပြီးနောက် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့တပ်ရင်းလိုက် ‌ချေမှုန်းခံလိုက်ရ၍ အငြိုးအတေးထားနေသော စီပါကျေးရွာကို၀င်ရောက်ကာ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်သည်ဟု သိရသည်။

စီပါကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းအထိ စိတ်တိုင်းကျ မီးရှို့ဖျက်ဆီးကြရာ နေအိမ်နှင့် အဆောက်အဦးပေါင်း (၃၀၀)ကျော် ဆုံးရှုံးခဲ့ရပြီး ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်ပြီး သတ်ခံထားရသည့် အရပ်သား(၆)ဦးကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

စီပါရွာတွင် အသတ်ခံရသူများမှာ ဦး‌တင်လှိုင်၊ ဦးကြောင်ပို၊ ဦးရာစိန်၊ ဦးဌေးလွင်နှင့် ကျန်(၂)ဦး၏ နာမည်တို့ကိုမူ မသိရသေးပါ။

အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် ပါစီကျေးရွာကို စိတ်ကြိုက်ဖျက်ဆီး၍ လူမဆန်သည့် လုပ်ရပ်များကို လုပ်ဆောင်သွားသည့် စစ်ကောင်စီတပ်များသည် ဆည်၀အုပ်စု ကျွဲသေချောင်းရွာကို သေနတ်ပစ်ဖောက်၀င်ရောက်ပြီး နေအိမ်များကို ထပ်မံမီးရှို့သည်ဟု သိရသည်။

“စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် ကျွဲသေချောင်းကျေးရွာက နေအိမ်၊ အဆောက်အဦး (၂၀)၀န်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။”ဟု မခင်ဝတီက ပြောသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် ဆည်၀ကျေးရွာအုပ်စုရှိ ဆည်၀ရွာဟောင်း၊ ဆည်၀ရွာသစ်နှင့် အိုင်ပေါင်းချောင် ကျေးရွာတို့ကိုလည်း ပစ်ခတ်၀င်ရောက်၍ ဆည်၀အုပ်စုရှိ ရွာ(၃)ရွာကို တစ်နေ့နှင့် တစ်ည တပ်စွဲမီးရှို့ပြီး အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် စိုင်ပြင်လေးကျေးရွာဘက်သို့ ထွက်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ထွက်သွားပြီးနောက် ဆည်၀ကျေးရွာအုပ်စုမှ အမျိုးသား(၂)ဦး၏ ရုပ်အလောင်းများကို တွေ့ခဲ့ရပြီး ရွာခံပြည်သူ (၃)ဦး ပျောက်ဆုံးနေကာ နေအိမ်၊ အဆောက်အဦး (၈၀)၀န်းကျင် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ 

အောက်တိုဘာလ (၁၉)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ကန်အုပ်စု စိုင်ပြင်လေး ကျေးရွာတွင် တပ်စွဲသည်ဟု ဆိုသည်။

စိုင်ပြင်လေးကျေးရွာကို အောက်တိုဘာလ (၁၉)ရက်‌နေ့ ညနေပိုင်းမှစတင် ၀င်ရောက်ပြီး ဒေသခံ(၂၀)ကျော်ကို ဖမ်းဆီးထားကာ နေအိမ်များကို ယနေ့ အောက်တိုဘာလ(၂၂)ရက်နေ့အထိ ဆက်တိုက် မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။

“ဘုတလင်မြို့နယ်အတွင်းမှာ စစ်ကြောင်းတစ်ခုလုံး အထိနာခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုက သူတို့ အထိနာခဲ့တဲ့ အနီးမှာရှိတဲ့ စီပါ၊ ကျွဲသေချောင်းနဲ့ ဆည်၀ကျေးရွာတွေကို အငြိုးတကြီး စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ကာ နေအိမ်တွေ မီးရှို့ဖျက်စီးခဲ့ကြတာဖြစ်ပါတယ်။”ဟု မခင်ဝတီက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်များ သတ်ဖြတ်သွားသည့် ဘုတလင်မြို့နယ်မှ အရပ်သားများမှာ မြောက်ကျီရွာ မှ အသက်(၆၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၀)ကျော် အမျိုးသားတစ်ဦးနှင့် အသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဘုတလင်မြို့ပေါ် မှ ဦးဖိုးကြာ အသက်(၆၀)နှစ်ကျော်၊ ဇနီးဖြစ်သူ မမာသင်း(၅၅)နှစ်ဝန်းကျင်၊ သမီးကြီး ခင်မိုးသဲဦး(၂၅)နှစ်ဝန်းကျင်၊ သားငယ် ရွှေဖြိုးအောင် (၁၆)နှစ်၊ တူမဖြစ်သူ မထက်ထက်အောင် အသက်(၁၂)နှစ်ဝန်းကျင်၊ တူမဖြစ်သူ မေပျိုပျို အသက်(၅)နှစ်ဝန်းကျင် တို့ဖြစ်ကြသည်။

ကျန်ရှိသတ်ဖြတ်ခံရသူများကိုမူ ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

ပြည်သူများသည် စစ်ကောင်စီတပ်၏ အငြိုးတကြီး စစ်ကြောင်းထိုး လူသတ်၊ မီးရှို့နေမှုကြောင့် ဒေသခံ သောင်းချီကာ ထွက်ပြေးနေကြရပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရကာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရခြင်းကြောင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ဘုတလင်မြို့ နယ်မှ မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo:စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၊ CJ