အမ်း နပခ ဌာနချုပ်ထိုးစစ်တွင် ကျောင်သားလက်ရုံးတပ်တော်မှ ရဲဘော်တစ်ဦးကျဆုံး 

အမ်း နပခ ဌာနချုပ်ထိုးစစ်တွင် ကျောင်သားလက်ရုံးတပ်တော်မှ ရဲဘော်တစ်ဦးကျဆုံး 

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)နှင့် ထိုးစစ်ဆင်နေသည့် တိုက်ပွဲအတွင်း ကျောင်းသားလက်ရုံးတပ်တော် (SAF)မှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း အဆိုပါ တပ်ဖွဲ့ထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)နှင့်အတူ ထိုးစစ်ဆင်တိုက်ပွဲအတွင်း SAF မှ ရဲဘော်တစ်ဦး ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

SAF ၏ ယနေ့ အောက်တိုဘာလ (၂၁)ရက်နေ့ ထုတ်ပြန်ချက်တွင် မဟာမိတ်ရဲဘော်များနှင့်အတူ ရဲဝံ့စွာ တွန်းလှန်တိုက်ခိုက်၍ ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ မျက်နှာမူလျက် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်ပေးလှူ ကျဆုံးခဲ့သည့်အတွက် တပ်တော်အနေဖြင့် များစွာဝမ်းနည်းကြေကွဲရကြောင်း SAF က ထုတ်ပြန်ထားသည်။ 

SAF တပ်သည် AA နှင့်အတူ အမ်းမြို့နယ် တောဟိန်းတောင် ဗျူဟာကုန်းတိုက်ပွဲများတွင်လည်း ပါဝင်သည်။ 

အောက်တိုဘာလ (၇)ရက်နေ့က AA ၏ ထုတ်ပြန်ချက်တွင် အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ ရန်သူ့စခန်းများအားလုံးကို ယင်းနေ့တွင်ပင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ဆိုသည်။ 

မဲတောင်ဗျူဟာကုန်းသည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄)ကီလိုမီတာခန့်သာ ကွာဝေးသည်ဟု သိရသည်။

#TachileikNewsAgency

Photo: ကျောင်းသားလက်ရုံးတပ်တော် (ပုံဟောင်း)