မုံရွာ-မန္တလေးလမ်းပိုင်းတွင် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကားများအား လုံခြုံရေးယူလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကားများအား လုံခြုံရေးယူလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကားများကို လုံခြုံရေးယူ လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့ထံမှ သိရသည်။

မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း အလက္ကပရွာ အနောက်ဘက် တနေရာတွင် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကားများကို လုံခြုံရေးယူလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်း (၂) ပွိုင့်ဆွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး နေရာတွင် သေဆုံးပြီး ကားတစီး ပျက်စီးကာ သေဆုံးသူများအား နောက်မှပါလာသည့် ကားဖြင့် သယ်ဆောင်သွားကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား BLDF တပ်ခွဲ အညာမိုင်း ၊ ဇာမနီ ပြောက်ကျားအဖွဲ့နှင့် ဒေါင်းဘုရင် အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကြေးနီတင်ဆောင်လာသည့် တွဲကားတစ်စီး (ပုံဟောင်း)