စစ်ကောင်စီသည် စစ်မှုထမ်းလူငယ်များအား ရှေ့တန်းပို့နေပြီး အသက်ရှင်လိုပါက ကိုယ်လွတ်ရုန်း ထွက်ပြေးရန် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း တိုက်တွန်း

စစ်ကောင်စီသည် စစ်မှုထမ်းလူငယ်များအား ရှေ့တန်းပို့နေပြီး အသက်ရှင်လိုပါက ကိုယ်လွတ်ရုန်း ထွက်ပြေးရန် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း တိုက်တွန်း

စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းလူငယ်များအား တန်ဖိုးထားခြင်းမရှိဘဲ ရှေ့တန်းပို့ကာ ထိုးစစ်ဆင်နေပြီး အသက်ရှင်လွတ်မြောက်စေရန် စစ်ကောင်စီတပ်ထံမှ ကိုယ်လွတ်ရုန်းထွက်ပြေးရန် လိုအပ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက တိုက်တွန်းသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲများအတွင်း အင်အား ဆယ်ဂဏန်းထက်မနည်း ပြုန်းတီးလျက်ရှိသော်လည်း အဓမ္မစုဆောင်းခြင်း ခံရသည့် လူငယ်များ၏ အသက်ကို စတေးကာ လူသားမဆန်စွာ ပြုမူလျက်ရှိပြီး စစ်တပ်သည် လက်ရှိအချိန်ထိ လက်လျော့မည့် အနေအထားတွင် မရှိဘဲ ၊ အဓမ္မစုဆောင်းခြင်း ခံရသည့် လူငယ်များကို ဆက်လက်၍ မရဏလမ်းသို့ ပို့နေဦးမည်သာ ဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့တွင် ထုတ်ပြန်သည်။

မြိတ်ခရိုင်အတွင်း စစ်ကောင်စီတပ်သည် ၎င်းတို့ အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းသစ်များကို ရှေ့တန်းတင် ထိုးကျွေးကာ အင်အားရာချီဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် တိုက်ခိုက်သော်လည်း ၎င်းတို့၏ ရည်မှန်းချက်နေရာသို့ ထိုးဖောက်နိုင်ခြင်း မရှိကြောင်း ဆိုသည်။

အတင်းဓမ္မစုဆောင်းခြင်းခံရသည့် လူငယ်များအနေဖြင့်လည်း လက်ရှိအခြေအနေမှ အသက်ရှင်လွတ်မြောက်ရန် စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလွတ်မြောက်ရန် လိုအပ်ပြီး ၊ စစ်ကောင်စီတပ်၏ ယူနီဖောင်းဝတ်ဆင်၍ လက်နက်ကိုင်ထားသူမှန်သမျှအား ချေမှုန်းမည်သာဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ အသိပေးထားသည်။

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး မြိတ်-ပုလော-ထားဝယ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန် မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းမှ အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံအနှံ့၌ စစ်မှုထမ်း စုဆောင်းခံရသူ (၂)သောင်းကျော် ရှိနေပြီဖြစ်ကာ အပတ်စဉ် (၆)အတွက် စုဆောင်းထားသူများကိုလည်း သင်တန်းကျောင်းများသို့ ဆက်လက်ပို့ဆောင်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီမှ ဖွင့်လှစ်သည့် စစ်သင်းတန်းတွင် တွေ့ရသည့် တပ်သားသစ်များ (ပုံဟောင်း)