အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နှင့် ဥရောပကောင်စီ လွှတ်တော်အမတ်တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ဥရောပကောင်စီ လွှတ်တော်အမတ်ဖြစ်သူ Hon. Piero Fassino တို့သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့တွင် အီတလီနိုင်ငံ ရောမမြို့ရှိ လွှတ်တော်အဆောက်အဦး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံရှိ စစ်အုပ်စု၏ အာဏာ၊ နယ်မြေ၊ စိတ်ဓါတ် ကျရှုံးနေသော အခြေအနေများ နှင့် ဒီမိုကရေစီ အင်အားစုများအကြား လက်တွဲလုပ်ဆောင်နေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်အုပ်စုက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး ၊ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းကို ဆောင်ကျဉ်းနိုင်မည်မဟုတ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ် Hon. Piero Fassino မှ အီတလီအောက်လွှတ်တော် အတွင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တရပ် ထုတ်ပြန်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၀)ရက်နေ့ကလည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH/NUG Support Group Ausrialia National Team တို့နှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆောင်ရွက်ခဲ့မှုနှင့် တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
#TachileikNewsAgency
Photo: National Unity Government of Myanmar