ရွှေဘိုမြို့နယ် မြင်းချင်းရွာတွင် အထိုင်ချတပ်စွဲနေသည့် စစ်တပ်နှင့်ပျူစောထီးများအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

ရွှေဘိုမြို့နယ် မြင်းချင်းရွာတွင် အထိုင်ချတပ်စွဲနေသည့် စစ်တပ်နှင့်ပျူစောထီးများအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းချင်းရွာတွင် အထိုင်ချတပ်စွဲနေသည့် စစ်တပ်နှင့်ပျူစောထီးများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ကြောင်း တောင်သူဦးကြီးများအဖွဲ့ PDF ထံမှ သိရသည်။

စစ်တပ်နှင့်ပျူစောထီးများ အထိုင်ချတပ်စွဲနေသည့် ရွှေဘိုမြို့နယ် မြင်းချင်းရွာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ ညနေ (၅) နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ စတင်ချည်းကပ်နေရာခဲ့ယူပြီး ညနေ (၆)နာရီတွင် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် မြင်းချင်းရွာရှိ ပျူစောထီးများအား စစ်ကူပေးရန် လာရောက်သည့် ပန်းရံကျေးရွာမှ ပျူစောထီးများအား ဇီးကုန်းလေး ပျူစောထီးစခန်းသို့ ရောက်ရှိချိန်တွင် ရွှေဘိုမြို့နယ် PDO Drone အဖွဲ့နှင့် Fixed Wings Drone အဖွဲ့တို့မှ ဒရုန်းဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပန်းရံပျူစောထီးများသည် မြင်းချင်းရွာရှိ ပျူစောထီးများထံသို့ တပ်ကူ လာရောက်နိုင်ခြင်းမရှိဘဲ မြင်းချင်းရွာထိပ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေး၍ တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

မြင်းချင်းရွာ ပျူစောထီးကျေးရွာအတွင်းသို့ ရောက်ရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် မီတာ (၅၀)ဝန်းကျင်ခန့်တွင် ရှိသည့် ပျူစောထီးများနှင့် ထိတွေ့တိုက်ပွဲ (၁)နာရီခွဲကျော်ဖြစ်ပွားခဲ့ပြီး ပျူစောထီးများဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း တောင်သူဦးကြီးများအဖွဲ့ PDF က ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ပျူစောထီးများ ပစ်ခတ်သည့် လက်နက်ကြီးနှင့် လက်နက်ငယ်များကြောင့် ထိခိုက်မှုရှိခဲ့ပြီး နယ်မြေခံများနှင့် ချိတ်ဆက်၍ အချိန်မှီ ကယ်ထုတ်နိုင်ခဲ့ကာ ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြင်းချင်း ပျူစောထီးစခန်းအား သိမ်းပိုက်ရန် ကြိုးစားနေချိန် နောက်ဆုံးဘန်ကာ အရောက်တွင် ရွှေဘိုမြို့အတွင်းမှ စစ်ကောင်စီနှင့် ပျူစောထီးများ စစ်ကူလာရောက်နေသည်ဟု သတင်းရရှိသဖြင့် တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအရ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တောင်သူဦးကြီးများအဖွဲ့ PDF က ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီးနောက် လုံခြုံသည့်နေရာသို့ရောက်ရှိချိန်တွင် အသင့်ပြင်ထားသော ဒရုန်းအဖွဲ့များမှ မြင်းချင်းကျေးရွာရှိ ပျူစောထီးများ၏ ဘန်ကာများ ၊ ကင်းယူထားသည့် နေရာများအား ဒရုန်းဖြင့် အကြိမ်ရေများစွာ ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း တောင်သူဦးကြီးများအဖွဲ့ PDF က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား ရွှေဘိုမြို့နယ် မြို့နယ် ပကဖ ၏ ဦးဆောင်ကွပ်ကဲမှုဖြင့် မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့၊ မြို့နယ် PDO Drone အဖွဲ့၊ တိုက်နယ်-၂ ပကဖ ၊ တိုက်နယ်-၃ ပကဖ၊ တိုက်နယ်-၅ ပကဖ၊ ဒီပဲယင်း ပကဖ ၊ညောင်ဦး ပကဖ၊ ဂဠုန်ကြီး Fixed Wings Drone အဖွဲ့ ၊ အားမာန် Fixed Wings Drone အဖွဲ့ ၊ IC Fixed Wings Drone အဖွဲ့ ၊ ဘီလူးညီနောင် ၊ Fixed Wings Drone အဖွဲ့ နှင့် နယ်မြေခံ ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်သူဦးကြီးများအဖွဲ့ - PDF