သီပေါမြို့ကို သိမ်းပြီဟု TNLA ကြေညာ 

သီပေါမြို့ကို သိမ်းပြီဟု TNLA ကြေညာ 

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃) တပ်စခန်းအားလုံးကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA က ယနေ့ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကြေညာသည်။ 

သီပေါမြို့နယ်ရှိ တပ်စခန်းများကို TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ (၂၀)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၂)လကျော်အကြာတွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီသည် သီပေါတပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း လေကြောင်းတိုက်ခိုက်မှု Jet Fighter ဖြင့် (၁၀၅)ကြိမ်၊ Y12 ဖြင့်(၁၆၇)ကြိမ်၊ လက်နက်ကြီးဖြင့် (၁၈၉၃)ကြိမ်၊ ရော့ကတ်ဒုံးကျည်ဖြင့် (၈)ကြိမ်နှင့် ဟောင်၀ှစ်ဇာဖြင့် (၈)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ 

ထို့အပြင် သီပေါမြို့ စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ် Y12ဖြင့် (၇၉)ကြိမ်၊ Y8ဖြင့် (၂)ကြိမ်၊ Mi17ဖြင့် (၅)ကြိမ် လက်နက်ခဲယမ်းများ(၄၄၀)ထုပ် လာရောက်ကြဲချခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိသည် ဟု သိရသည်။ 

စစ်ကောင်စီသည် သီပေါမြို့တပ်စခန်းကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ဦးသေဆုံးပြီး (၈၀)ဦး ဒဏ်ရာရကာ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစထိမှန်မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။ 

ထို့အပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာထောက်ထားသောအားဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း TNLA သည် နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News