ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ပြည်သူ (၂)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄)လုံး ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။
စစ်ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄) တပ်ရင်းမှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ နေ့လယ် (၂)နာရီခွဲတွင် (၁၂၂) မမ (၇) လုံး ပစ်ခတ်ခဲ့ရာ ဒါးကုလားကျေးရွာ နှင့် လော်မူသောကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒါးကုလား ကျေးရွာတွင်နေထိုင်သည့် ဒေါ်ခင်ဌေး အသက် (၄၈)နှစ် နှင့် ဒေါ်မနီ အသက် (၄၆)နှစ်တို့ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ဒေသခံ (၂)ဦး၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက် (၁၀)နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များသည် နတ်သံကွင်းမှနေပြီး (၁၂၂) မမမ(၁)လုံးပစ်ခတ်ခဲ့ရာ သူးကဘီးကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲပြီး သူးကဘီးကျေးရွာတွင် စစ်ဘေးရှောင်နေသည့် နောင်ကုန်းကျေးရွာမှ စောဖိုးမြနှင့် နော်ထိုလွီထူ တို့ (၂)ဦး ထိခိုက်သေဆုံးကာ ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရရှိ၍ နေအိမ် (၁)လုံးနှင့် ဈေးဆိုင် (၁)ဆိုင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုနေ့ (၁)နာရီခွဲနှင့် (၂)နာရီခန့်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ (၂၆၄)တပ်ရင်းမှ ၁၂၀မမ (၆)လုံး ပစ်ခတ်ခဲ့ရာ လိန်ပင်ဝဲ ကတို့ဆိပ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဆောထိမြို့နယ်အတွင်း ဒီဇင်ဘာ (၁၄)ရက်နေ့ နံနက် (၁၀)နာရီခွဲကျော်တွင် တောင်ငူလေတပ်မှ တက်လာသော တိုက်လေယာဉ်များမှ ပေါင်(၅၀၀) ဗုံးသီး(၂) လုံးဖြင့် တဃော်ကွီးရွာဟောင်း အတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညနေ (၄)နာရီတွင် ခလရ (၅၇) ပူးပေါင်းတပ်ရင်းမှ (၆၀) မမ (၁) လုံး ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ အောင်ခက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက် (၇) နာရီခန့်တွင်လည်း ခလရ (၂၆၄) တပ်ရင်းမှ (၁၂၀) မမ (၁)လုံးပစ်ခတ်ခဲ့ရာ အောပလားကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#TachileikNewsAgency
Photo:𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻