ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( YPDF ) မှ ဗဟို ဦးဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးနှင့် လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) (AGS -1) ရဲဘော်ထွားကြီးတို့သည် ရှေ့တန်းစခန်းများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
YPDF မှ ဗဟိုဦးဆောင်ကော်မတီဥက္ကဌနှင့် လက်ထောက်အထွေထွေအတွင်းရေးမှူးတို့သည် ဌာနမှုးများ၊ အရပ်ဖက် အကြံပေး အဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ ခုနှစ် အောက်တိုဘာလ၏ ဒုတိယပတ်အတွင်းက ရှေ့တန်းစခန်းများသို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရှေ့တန်းနယ်မြေဖြစ်သည့်အတွက် လုံခြုံရေး မပေါ့ဆကြဖို့ အရေးကြီးတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ ရဲဘော်တွေရဲ့ အသက်က ရှေ့တန်းက ရဲဘော်တွေအပေါ် မူတည်နေတယ်။ ဒါကြောင့် လုံခြုံရေး ပထမ၊ ဒုတိယ၊ တတိယ လို့စိတ်မှာ ခံယူပြီး လုပ်ဆောင်ကြပါ။ ( ၂၄ ) နာရီ တာဝန်ယူနေကြရတာဖြစ်လို့ ပင်ပန်းကြတယ်။ ဒီအတွက်လည်း ရဲဘော်တို့ကို ဂုဏ်ပြုပါတယ်။ အသိအမှတ်ပြုပါတယ်။ အချင်းချင်း ရဲဘော်ရဲဘက်စိတ်နဲ့ ဖေးမကြပါ။ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အမိန့်နာခံမှု ရှိပါ။ ရဲဘော်ရဲ့ ဂုဏ်အရည်အချင်းက စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုရှိခြင်းပဲဖြစ်တယ်။ လိုအပ်တာတွေ အဆင့်ဆင့် ရုံးလုပ်ငန်းနဲ့အညီ တင်ပြကြပါ။ တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမယ်။”ဟု တပ်ဖွဲ့ဥက္ကဌမှ ရှေ့တန်းရဲဘော်များကို အမှာစကားပြောကြားခဲ့ကြောင်း YPDF မှ ထုတ်ပြန်သည်။
YPDF တပ်ဖွဲ့ ဥက္ကဌနှင့် အဖွဲ့သည် ရန်သူလာနိုင်ခြေရှိသည့် လမ်းများ ၊ မိုင်းကွင်းများ ၊ ကင်းနေရာများသို့ သွားရောက်စစ်ဆေးခဲ့ကြပြီး ၊ လမ်းတလျှောက်တွေ့ရသည့် စစ်ဘေးရှောင်ပြည်သူများကိုလည်း နူတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
YPDF တပ်ဖွဲ့ ဥက္ကဌနှင့် အဖွဲ့သည် စစ်ဘေးရှောင်စာသင်ကျောင်းများကိုလည်း သွားရောက်ကာ ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် ငွေကြေးနှင့် သင်ထောက်ကူပစ္စည်းတချို့ကိုလည်း လှုဒါန်းခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( YPDF ) က ထုတ်ပြန်ထားသည်။
Photo: ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့