စစ်အုပ်စု ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကို အဆုံးသတ်ရမည်ဖြစ်ကြောင်း နိုင်ငံတကာအား သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး 

စစ်အုပ်စု ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကို အဆုံးသတ်ရမည်ဖြစ်ကြောင်း နိုင်ငံတကာအား သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး 
အောက်တိုဘာ 13, 2024 | နိုင်ငံရေးသတင်းများ

စစ်အုပ်စု ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကို အဆုံးသတ်ရမည်ဖြစ်ကြောင်း (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမကော်မတီ၏  "လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ" အထွေထွေ ဆွေးနွေးမှု အစီအစဉ်တွင် နိုင်ငံတကာအား သံအမတ်ကြီး ဦးကျော်မိုးထွန်းက အသိပေး ပြောဆိုသည်။

စစ်အုပ်စု ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် အစဉ်အလာကို အဆုံးသတ်ရမည်ဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် စက်ဝန်း အဆုံးသတ်မှသာ အကြမ်းဖက်မှု သံသရာ ရပ်တန့်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

နစ်နာသူများအတွက်တရားမျှတမှု ဖော်ဆောင်ပေးရေးသည် အရေးကြီးပြီး ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးကာ တရားမျှတမှုကို မည်သည့် အကြောင်းပြချက်ဖြင့်မဆို လျစ်လျူရှုရန် ကြိုးပမ်းမှုများကို လက်သင့်ခံမည်မဟုတ်ဟုလည်း ဆိုသည်။

ထို့အပြင် မြန်မာပြည်သူများ၏ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီအပေါ် ထားရှိသည့် ကတိကဝတ်များသည် ပြောင်းလဲသွားမည် မဟုတ်ကြောင်း အသိပေး ပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့အနေဖြင့် မြန်မာပြည်သူများအား ကာကွယ်ပေးရန်အတွက် ထိရောက်သောလုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ကြိမ်ဖန်များစွာ ပျက်ကွက်ခဲ့ပြီးဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

လုံခြုံရေးကောင်စီ၏ ပျက်ကွက်မှုသည် စစ်တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူများအား မျက်ကွက်ပြုရာရောက်သကဲ့သို့ ကျူးလွန်သူများအား ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးမူများကို ဆက်လက်ချိုးဖောက် ခွင့်ပြုထားသကဲ့သို့ ဖြစ်နေသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် ၎င်း၏ ပျက်ကွက်မှုကို အလေးအနက်ထားကာ ပြန်လည်သုံးသပ်သင့်သည်ဟုလည်း ဆိုသည်။

လုံခြုံရေးကောင်စီက ဦးဆောင်၍ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုကာ မြန်မာနိုင်ငံရှိ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကို ချုပ်ငြိမ်းရန် အရှိန်အဟုန်မြှင့်တင်၍ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်အုပ်စုနှင့် ထိုက်တန်သောနေရာများမှာ လွှတ်တော်များ၊ သမ္မတအိမ်တော်များမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံးများ သို့မဟုတ် ခုံရုံးများသာဖြစ်ပြီး ၎င်းတို့အနေဖြင့် အဆိုပါ တရားရုံးများနှင့် ခုံရုံးများ၏ ရှေ့မှောက်၌ အပြစ်သားများအဖြစ်သာရှိသင့်သည်ဟုလည်း ဆိုသည်။

အဆိုပါ ရာဇဝတ်သားများအား မသမာသော ရွေးကောက်ပွဲများမှတဆင့် ခေါင်းဆောင်များအဖြစ် လှည့်ဖြား ခွင့်ပြုခြင်းသည် လူသားဆန်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ အခြေခံ အုတ်မြစ်များကို ပျက်ရယ်ပြုခြင်းဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။

ယခုအချိန်သည် ဆုံးဖြတ်ချက်ချမှတ်ရမည့် အချိန်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် တိုက်တွန်းပြီး စစ်မှန်သော တည်ငြိမ်မှုကို လျစ်လျူရှုခြင်းဖြင့် တည်ဆောက်နိုင်မည် မဟုတ်ဘဲ တရားမျှတမှု အပေါ်တွင်သာ တည်ဆောက်နိုင်ကြောင်း သံအမတ်ကြီးက နိုင်ငံတကာအား တိုက်တွန်းပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations