တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA ထံမှ သိရသည်။
ရေဖြူမြို့နယ် ရေဖြူတံတားထိပ်တွင် ပြည်သူများအား နည်းမျိုးစုံဖြင့် စစ်ဆေးမှုများလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ (၃) နာရီ ဝန်းကျင်ခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု (၁) နာရီဝန်းကျင် ကြာမြင့်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံး၍ ၊ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ဆိုသည်။
သိမ်းဆည်းရရှိသောလက်နက်များမှာ MA-3 သေနတ် (၁)လက် ၊ 7.62 ကျည် (၁၂၀)တောင့် ၊ 5.56 ကျည် (၆၀၀) တောင့် ၊ ကျည်ဘောက် (၅)ခု ၊ ဓား (၁)လက် ၊ စကားပြောစက် (၁)လုံး ၊ 79 သီး (၆)လုံး ၊ အီနာဂါဗုံးသီး (၂)လုံး၊ လက်ပစ်ဗုံး (၁)လုံး ၊ လက်ကိုင်ဖုန်း (၂)လုံး၊ ကျည်ကာပြား (၁)ခု ၊ အီကွေးမန့် (၁)ခု ၊ DJI Air 3 ဒရုန်း (၁) စင်း နှင့် 12 V Battery ငယ် (၁)လုံး တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပြောက်ကျား တပ်ဖွဲ့နှင့် ကျားသစ်နက်အဖွဲ့ တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်း ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြုသွားလာကြပါရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က တိုက်တွန်းအသိပေးထားသည်။
#TachileikNewsAgency
Photo : Dawei National Libration Army